Saturday, November 09, 2013

........ ဗုဒ္ဓ၀င်ပြခန်းကြီး ၂၈-ခန်း ....

Posted by drmyochit Saturday, November 09, 2013, under | No comments


အလောင်းတော် သိဒ္ဓိတ္ထမင်းသား ပဋိသန္ဓေယူသည်မှ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသည်အထိ သက်တော်ထင်ရှား မြတ်စွာဘုရား၏ ဘ၀ပိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မြတ်စွာဘုရားသည် ဝေနေယျသတ္တ၀ါများအား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခဲ့ပုံများကိုလည်းကောင်း အခန်းပေါင်း ၂၈-ခန်းကို ဖြည့်စွက်၍ ကြည်ညိုဖွယ်ရာ ပြသထားပါသည်။

၁။ ပဋိသန္ဓေယူခန်းနှင့် ဖွားတော်မူခန်း

မဟာသက္ကရာဇ် ၆၇-ခုနှစ်၊ ၀ါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံ၌ သီရိမာယာဒေ၀ီ မိဖုရားခေါင်ကြီး၏ ၀မ်းကြာတိုက်သို့ မြတ်သောဆင်ဖြူတော်သည် လက်ယာရစ်လှည့်ပြီးနောက် လက်ယာနံပါးမှ ၀င်ရောက်ကြောင်း အိပ်မက်မြင်တော်မူ၍ အလောင်းတော် သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူတော်မူ၏။ မဟာသက္ကရာဇ် ၆၈-ခုနှစ်၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗိနီ အင်ကြင်းတော၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူ၏။ ဖွားမြင်ပြီးနောက် မြောက်အရပ်သို့ ခုနှစ်ဖ၀ါးလှမ်းကြွတော်မူ၍ “ငါသည်လောကတွင် အမြတ်ဆုံးဖြစ်၏” “ငါသည်လောကတွင် အကြီးအကဲဆုံးဖြစ်၏” “ငါသည် လောကတွင် အချီးမွမ်းခံထိုက်ဆုံးသူဖြစ်၏” ဟူသော သုံးခွန်းသောစကား ကြုံးဝါးတော်မူ၏။

၂။ ထီးနန်းစိုးစံတော်မူခန်း

အလောင်းတော် သိဒ္ဓတ္ထမင်းသား သက်တော် တစ်ဆယ့်ခြောက်နှစ်ရောက်သော် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သားတော်ကို တောမထွက်စေရန် “ရမ္မ” မည်သော ဆောင်းရာသီ စံနန်းပြာသာဒ်၊ “သုရမ္မ” မည်သော နွေရာသီ စံနန်းပြာသာဒ်၊ “သုဘ” မည်သော မိုးရာသီ စံနန်းပြာသာဒ်များ တည်ဆောက်စေပြီး၊ အလည့်အလည် စံမြန်းစေပါသည်။ ရွှေအဆင်းကဲ့သို့ လှပသော ယသောဓရာမင်းသမီးနှင့် ထိမ်းမြားပေးတော်မူပြီး အာရုံငါးပါးတို့ဖြင့် အလွန်သာယာဖွယ်သော အဖျော်အဖြေကို ခံယူစေကာ ထီးနန်းစည်းစိမ်ကို ခံစားစေတော်မူသည်။

၃။ နိမိတ်ကြီးလေးပါး မြင်တော်မူခန်း

မဟာသက္ကရာဇ် ၉၆-ခုနှစ်၊ ၀ါဆိုလပြည့်နေ့တွင် အလောင်းတော်သည် မြင်းလေးစီး ကသောရထားဖြင့် ဥယျာဉ်တော်သို့ ကြွတော်မူရာ သူအိုတစ်ဦးကို တွေ့မြင်လေ၏။ ထိုအခါ မိမိလည်း ထိုသို့အိုရမည်ကို ဆင်ခြင်တော်မူ၏။ နောက်တစ်ကြိမ်တွင် သူနာတစ်ဦးကို တွေ့မြင် ရပြန်သောအခါ မိမိလည်းဤသို့ နာရမည်ကို ဆင်ခြင်တော်မူ၏။ နောက်တစ်ကြိမ်တွင် သူသေတစ်ဦးကို တွေ့မြင်လေရာ မိမိလည်း ဤသို့သေရမည်ကို စဉ်းစားဆင်ခြင်မိလေ၏။ နောက်တစ်ကြိမ် ဥယျာဉ်တော်သို့ ထွက်တော်မူရာ ရဟန်းတစ်ပါးကို တွေ့မြင်တော်မူ၍ ရဟန်း၏ အကျင့်သီလသည် သတ္တ၀ါတို့၏အကျိုးကို ဖြစ်ထွန်းစေပြီး ဘ၀မှလွတ်မြောက်နိုင်သဖြင့် မိမိလည်း ရဟန်းပြု၍ ဓိဋ္ဌာန်တော်မူ၏။

၎။ တောထွက်တော်မူခန်း

အလောင်းတော်မင်းသားသည် အိုခြင်း၊ နာခြင်း၊ သေခြင်း တရားတို့ကို ထိတ်လန့်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုရန် ဓိဋ္ဌာန်တော်မူ၏။ မဟာသက္ကရာဇ် ၉၇-ခုနဓှစ်၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့ ညဉ့်သန်ခေါင်ယံ အချိန်တွင် ဆန္ဒအမတ်ကိုခေါ်၍ ကဏ္ဍကမြင်းတော်ကိုစီးကာ တောထွက်တော်မူ၏။ အနော်မာ မြစ်ကမ်းသို့ရောက်သော် တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်ရန် ရည်သန်၍ မိမိ၏ အ၀တ်တန်ဆာများနှင့် ကဏ္ဍကမြင်းကို ဆန္နအမတ်သို့လွှဲအပ်ပြီး နေပြည်တော်သို့ပြန်ရန် စေလွှတ်တော်မူ၏။

၅။ ဒုက္ကရစရိယာ ကျင့်တော်မူခန်း

ဘုရားအလောင်းတော်သည် ဥရုဝေလတောတွင် ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံအားထုတ်တော်မူ၏။ အစဦးတွင် ဆွမ်းခံလှည့်၍ စားသုံး၏။ နောင်တွင် အစာအာဟာရကို ခြိုးခြံချွေတာ သုံးဆောင်တော်မူ၏။ တစ်နေ့တာအတွက် ဆန်စေ့တစ်စေ့၊ ပဲနောက်တစ်စေ့ (သို့မဟုတ်) ပဲပြုတ်ရည်တစ်ဇွန်းကိုသာ သုံးဆောင်တော်မူ၏။ ဤသို့ကျင့်ကြံသော် အာဟာရဓာတ်နည်းပါးသောကြောင့် ကြုံလှီဖျောတော့ အားအင်ကုန်ခန်း၏။ မျက်နှာတော်နှင့် ဦးခေါင်းတော်သည် ဘူးသီးနုနုနေလှမ်း၍ ရူံ့ခွက်နေသကဲ့သို့ဖြစ်၏။ အသားအရေသည် ငါးခူရောင်၊ ကြမ်းပိုးကျောက်ကုန်းအရောင်ဖြင့် ခြောက်သွေ့၏။ ကိုယ်ကို လက်ဖြင့် သုံးသပ်သော် အမွှေးတို့ ကျွတ်ကုန်၏။ နံရိုးတို့သည် ဇရပ်အိုမှ ဖရိုဖရဲကြဲသော အခြင်တို့ကဲ့သို့ဖြစ်၏။ ၀မ်းပိုက်ကိုကိုင်သော် ခါးဆစ်ကိုကိုင်မိ၏။ တင်ပါးနှစ်ဖက်သည် ကုလားအုပ်ခွာကဲ့သို့ ရူံ့ခွက်နေ၏။ မတ်ရပ်ထသော် နေရာ၌ လဲကျ၏။ သဗ္ဗညုတဉာဏ်တော်ရလိုသောကြောင့် ကျင့်နိုင်ခဲလှသော ဒုက္ကရစရိယ အကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်တော်မူ၏။

၆။ ဘုရားဖြစ်တော်မူခန်း

အလောင်းတော်သည် ဒုက္ကရစရိယာ ခြောက်နှစ်တိုင်တိုင်ကျင့်သော်လည်း သဗ္ဗညုတဉာဏ် မရနိုင်သဖြင့် မဇ္ဈိမပဋိပဓာ အကျင့်လမ်းကြောင်း ပြောင်း၍ အာနာပါန စတုတ္ထဈာန်ကို ၀င်စားတော်မူ၏။ ယင်းဈာန်ဝင်စားနိုင်ရန် ဆွမ်းခံလှည့်၍ ရသမျှအာဟာရကို မျှတဘုန်းပေးတော်မူရ၏။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် မဟာဗောဓိပင်ရင်း အပရာဇိတ ပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ခွေ စံတော်မူ၍ နေမ၀င်မီ မာ၇်စစ်သည်တို့ကို အောင်မြင်တော်မူသည်။ ညဉ့်ဦးယံဝယ် “ပုဗ္ဗေနိဝါသဉာဏ်” ရတော်မူ၏။ သန်းခေါင်ယံဝယ် “ဒိဗ္ဗစက္ခုဉာဏ်” ရတော်မူ၏။ မိုးသောက်ယံဝယ် “အာသ၀က္ခယဉာဏ်” ရတော်မူလျက် ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။ ထိုအခါ “အနေကဇာတိသံသာရံ” အစချီသော ဥဒါန်းကို ကျူးရင့်တော်မူ၏။

၇။ ဓမ္မစကြာတရား ဟောတော်မူခန်း

မြတ်စွာဘုရားဖြစ်တော်မူပြီးနောက် ကာမဂုဏ်တို့၌ မွေ့လျော်သော ဤသတ္တ၀ါများကို တရားဟောသော် တရားကို လွယ်ကူစွာ နားလည်နိုင်ကြမည် မဟုတ်ကုန်၊ တရားဟောလျှင် ပင်ပန်းရုံသာ ဖြစ်မည်ဟု အကြံဖြစ်လာ၏။ သဟမ္ပတိဗြဟ္မာကြဓီး တောင်းပန်ချက်အရ တရားဟောရန် သင့်မည့် ပုဂ္ဂိုလ်ကို ကြည့်လတ်သော် ပဉ္စ၀ဂ္ဂီငါးဦးကိုသာမြင်လေ၏။ ပဉ္စ၀ဂ္ဂီငါးဦးရှိရာ မိဂဒါဝုန်တောသို့ ၀င်ပြီးနောက် မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့် စနေနေ့ ညချမ်း နေမင်းလည်း ၀င်လုဆဲကာလ လမင်းလည်း ထွက်ပေါ်လုဆဲဆဲတွင် “ဒွေ မေ ဘိက္ခဝေ” အစချီသော တရားဦးဓမ္မစကြာကို ဟောတော်မူ၏။

၈။ ယသသူဌေးသား ရဟန်းဖြစ်ခန်း

ယသသူဌေးသားသည် မိန်းမတို့သာဖျော်ဖြေသော ဂီတသဘင်တို့ဖြင့် လောကီစည်းစိမ်ခံစားနေစဉ် တစ်ညဥ့်သ၌ သန်ခေါင်ကျော်အချိန် နိုးလတ်၏။ ဖရိုဖရဲပုံပျက်ပန်းပျက် အိပ်မောကျနေသော ကချေသည် မောင်းမများကို မြင်သဖြင့် သုသာန်တစပြင်ကဲ့သို့မြင်ကာ ငြီးငွေ့လာပြီး အဆောင်မှ ထွက်၍ မိဂဒါဝုန်တောသို့ ရောက်လာ၏။ မြတ်စွာဘုရားနှင့် တွေ့သဖြင့် တရားဟောသောကြောင့် သောတာပန်ဖြစ်လေ၏။ သားပျောက်သဖြင့် ခြေရာခံလိုက်ရှာသော ယသသူဌေးကြဓီးနှင့် သူဌေးကတော် သုဇာတာတို့သည်လည်း ဘုရားထံရောက်လေသော် တရားနာကြားရ၍ သရဏဂုံတည်ပြီး သောတာပန် ဖြစ်လေ၏။ ယသသူဌေးသားသည် အထက်မဂ်သုံးပါးကို အစဉ်အတိုင်းရရှိကာ ရဟန္တာဖြစ်လေ၏။ သူဌေးကြီးနှင့် သူဌေးကတော်နှစ်ဦးတို့သည် သရဏဂုံသုံးပါးကို ဦးစွာဆောက်တည်ခွင့် ရသူများ ဖြစ်၏။

၉။ ယသောဓရာကန်တော့ခန်းနှင့် ရာဟုလာအမွေတောင်းခန်း

မြတ်စွာဘုရားသည် အဂ္ဂသာဝကနှစ်ပါးခြံရံလျက် ယသောဓရာခန်းမဆောင်သို့ ၀င်လေ၏။ ယသောဓရာသည် မြတ်စွာဘုရား၏ ခြေဖမိုးကိုဦးခိုက်၍ ရှိခိုးငိုကြွေးလေ၏။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးက မြတ်စွာဘုရား ဒုက္ကရစရိယကျင့်စဉ်က ခြိုးခြံနေထိုင်သကဲ့သို့ ယသောဓရာလည်း ခြိုးခြံနေထိုင်ကြောင်း လျှောက်ထားသော် စန္ဒကိန္နရီဇာတ်ကို ဟောလေသည်။ ယသောဓရာသည် သားတော်ရာဟုလာအား ဖခင်ထံမှ အမွေတောင်းခံရန် တိုက်တွန်းလေသော် ရာဟုလာလည်း မြတ်စွာဘုရားထံမှ အမွေတောင်း၏။ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာကို ဥပဇ္ဈာယ်ပြုစေလျက် ရာဟုလာအား သာသနာ့အမွေအဖြစ် ရှင်သာမဏေ ပြုပေးတော်မူလေသည်။

၁၀။ ဧရာဟိဏီမြစ်ဝှမ်းတွင် ငြိမ်းချမ်းရေးတရား ဟောတော်မူခန်း

ကပိလ၀တ်ပြည်နှင့် ကောလီယပြည် နှစ်ပြည်ထောင်အကြား ရောဟီဏီမြစ်ရေကိုအကြောင်းပြု၍ နှစ်ပြည်ထောင် လယ်သမားတို့ မြစ်ရေခွဲဝေယူရေးအတွက် အငြင်းပွားကြ၏။ ဤအငြင်းပွားမူကြောင့် နှစ်ပြည်ထောင်မင်းတို့ စစ်ခင်းရန် ပြင်ဆင်ကြလေ၏။ ထိုအခါ မြတ်စွာဘုရားသည် သွေးချောင်းစီးမည့် အရေးကို မြင်သောကြောင့် နှစ်ပြည်ထောင် စစ်တပ်အကြေား ရောဟီဏီမြစ်အထက် ကောင်းကင်ပြင်တွင် ရပ်တော်မူလျက် တန်ဖိုးနည်းသော ရေနှင့် ပတ်သက်၍ တန်ဖိုးမဖြတ်နိုင်သော လူ့အသက်များ မဆုံးရူံးစေသင့်ကြောင်း ငြိမ်းချမ်းရေးတရား ဟောတော်မူ၏။

၁၁။ ဘိက္ခုနီသာသနာ ခွင့်ပြုတော်မူခန်း

မြတ်စွာဘုရားသည် ကပိလ၀တ်ပြည်၌ သီတင်းသုံးနေစဉ် မိထွေးတော် ဂေါတမီသည် မြတ်စွာဘုရားထံချည်းကပ်၍ ရဟန်းဘောင်ဝင်ခွင့်ပြုရန် သုံးကြိမ်တိုင် လျှောက်ထားသော်လည်း မြတ်စွာဘုရားက ငြင်းပယ်ခဲ့၏။ မြတ်စွာဘုရား ဝေသာလီပြည်၌ သီတင်းသုံးနေစဉ် မိထွေးတော် ဂေါတမီသည် အခြံအရံငါးရာနှင့်တကွ ဆံကိုပယ်လျက် ဖန်ရည်ဆိုးသော ၀တ်ရုံများဆင်မြန်းကာ မြတ်စွာဘုရားထံတော်သို့ လိုက်လာကြ၏။ ညီတော်အာနန္ဒာ၏ လျှောက်ထားတောင်းပန်ချက်အရ မိထွေးတော်ဂေါတမီအား ဂရုဓံတရားရှစ်ပါးကို ၀န်ခံနိုင်လျှင် ပဉ္စင်းခံမူဖြစ်လေလော့ဟု ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူ၏။

၁၂။ ခေမာမိဖုရားအား ဆုံးမတော်မူခန်း

အလှမာန်တက်နေသော ခေမာမိဖုရားသည် ရုပ်အဆင်း၏ မနှစ်သက်စရာ အပြစ်အနာအဆာများကို ဟောကြားလေ့ ရှိသော မြတ်စွာဘုရားကို ရှောင်ဖယ်၏။ ဝေဠုဝန်ကျောင်းတော်၏ သာယာလှပပုံ တေးသံကို ကြားရသောကြောင့် ဝေဠုဝန်ကျောင်းတော် သို့ ခေမာမိဖုရားရောက်လာ၏။ ကျောင်းတော်တွင် မြတ်စွာဘုရားအား ယပ်ခတ်နေသော မိမိထက်သာလွန်လှပသော မိန်းမပျိုကို အံ့သြစွာတွေ့မြင်လေ၏။ မိမိကြည့်နေစဉ် ထိုမိန်းမပျို၏ အဆင်းသည် အိုခြင်း၊ နာခြင်း၊ သေခြင်း အဆင့်ဆင့် ဖောက်ပြန်ပျက်စီးသွားလေသည်။ ခေမာမိဖုရားသည် သံဝေဂရ၍ မြတ်စွာဘုရားအဆုံးအမတော်ကို နာယူပြီး ရဟန်းပြုလေ၏။

၁၃။ ရဟန်းများတန်ခိုးပြာဋိဟာမပြရန် ပညတ်တော်မူခန်း

ရာဓဇဂြိုဟ်သူဌေးသည် စန္ဒကူးသပိတ်ကို အတောင်ခြောက်ဆယ်မြင့်သော ၀ါးထိပ်တွင် ချိတ်ဆွဲကာ ရဟန္တာအမည်ခံသူများသည် ဤသပိတ်ကို ကောင်းကင်မှ ယူနိုင်ပါက စည်းစိမ်အားလုံးလှူမည့်အပြင် သားမယားနှင့်တကွ ကျွန်ခံမည်ဟု ကြောညာ၏။ မည်သူမဓျှမယူနိုင်ကြသောအခါ ဤလောက၌ ရဟန္တာမရှိပါတကားဟု သေသောက်ကြူးသူများက ပြက်ရယ်ပြုကြ၏။ မြတ်စွာဘုရား၏ သာသနာကို ထိခိုက်စေနိုင်သော ပြက်ရယ်ပြုသံများကို ကြားရသောအခါ ရှင်ပိဏ္ဍောလဘာရဒွါဇရမထေရ်သည် တန်ခိုးဖြင့် ကောင်းကင်မှ သပိတ်ကိုယူလေသော် ရာဓဇဂြိုဟ်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။ ဘုရားရှင်သိလေသော် ရာဇဂြိုဟ်တစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၏။ ဘုရားရှင်သိလေသော် ရှင်ပိဏ္ဍောလဘာရဒွါဇကို ခေါ်ယူဆုံးမ၍ ရဟန်းတို့အား တန်ခိုးပြာဋိဟာမပြရန် သိက္ခာပုဒ် ပညတ်တော်မူလေ၏။

၁၄။ အဘိဓမ္မာတရား ဟောကြားတော်မူခန်း

မြတ်စွာဘုရားသည် သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ကပ်တော်မူ၍ ပဏ္ဍုကမ္ဗလာ မြကျောက် ဖျာ၌ ထက်ဝက်ဖွဲ့ခွေနေတော်မူကာ မယ်တော်နတ်သားအမှူးပြုသော နတ်သိကြားဗြဟ္မာ အပေါင်းကို အဘိဓမ္မာတရား ဟောတော်မူ၏။ နေ့စဉ်လူ့ပြည်သို့ ကြွရောက်တော်မူပြီး စန္ဒကူးတော၌ ဆွမ်းဘုဉ်းပေး၍ နေ့သန့်နေတော်မူစဉ် အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရား အကျဉ်းချုပ်ကို ဟောတော်မူ၏။ တာဝတိံသာနတ်ပြည်၌ နိမ္မိတရုပ်ပွားတော်မြတ်က ဆက်လက်ဟောကြားတော်မူ နေ၏။ တာဝတိံသာနတ်ြးပည်၌ တစ်ဝါတွင်းလုံး ဟောတော်မူပြီး သီတင်းကျွတ်လပြည့်နေ့၌ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ ပတ္တမြားစောင်းတန်းဖြင့် သက်ဆင်းတော်မူ၏။

၁၅။ ပါလိလေယျကတော၌ တစ်ပါးတည်း စံပျော်တော်မူခန်း

မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးတော်မူနေစဉ် ၀ိနယဓရ ရဟန်းတစ်ပါးနှင့် ဓမ္မကထိက ရဟန်းတစ်ပါးတီု့သည် ၀စ္စကုဋီ သန့်သက်ရေခွက်၌ ရေကြွင်းရေကျန် ထားမိသည်မှစ၍ အငြင်းပွားကြ၏။ မြတ်စွာဘုရား ဆုံးမတော်မူသော်လည်း မလိုက်နာဘဲ ဆက်လက် အငြင်းပွားနေကြ၏။ ဤရဟန်းနှစ်ပါးကိုအကြောင်းပြု၍ သံဃာသင်းကွဲကာ လူပုဂ္ဂိုလ်များပါ အုပ်စုကွဲသဓါားပြီး ဗြဟ္မာပြည်တိုင်အောင် အုပ်စုကွဲပြားလေ၏။ မြတ်စွာဘုရားသည် သံဃာပရိသတ်ကိုစွန့်ခွာ၍ မိမိတစ်ကိုယ်တည်းသာ ကိန်းအောင်းတော်မူလိုပါသဖြင့် ပါလိလေယျက တောသို့ကြွရောက် သီတင်းသုံးစဉ်ပါလိလေယျက ဆင်နှင့် မျောက်တို့က ပြုစုကြလေသည်။

၁၆။ သိင်္ဂါလသတို့သားအား ဆုံးမတော်မူခန်း

မြတ်စွာဘုရားသည် စိုသောအ၀တ်၊ စိုသောဆံပင်တို့ဖြင့် အရပ်မျက်နှာတို့ကို ရှိခိုးနေသော သိင်္ဂါလသတိုးသားကို မြင်တွေ့ရ၏။ အရပ်ခြောက်မျက်နှာကို ရှီခိုးရန် အဖမှာကြားသောကြောင့် ရှိခိုးကြောင်း သိင်္ဂါလသတိုးသားကဖြေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က အရပ်ခြောက်မျက်နှာ၏ အဓိပ္ပာယ်နှင့် အရပ်ခြောက်မျက်နဓှာကို ကိုယ်စားပြုသော အမိ၊ အဖ၊ ဆရာ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးတို့၏ ၀တ္တရားများကို ဟောလေ၏။ (သိင်္ဂါလောဝါဒသုတ်သည် မြတ်မာများကျင့်သုံးနေသော မိဘ၀တ်၊ ဆရာဝတ် စသည်တို့ကို ဖော်ပြထားပါသည်။)

၁၇။ အက္ကောသဘာရဒွါဇပုဏ္ဏားအား ဆုံးမတော်မူခန်း

ဘာရဒွါဇအနွယ်ပုဏ္ဏားများ မကြာခဏရဟန်းပြုသည်ကို မကျေမချမ်းနိုင်သော အက္ကောသဘာရဒွါဇ ပုဏ္ဏားကြီးသည် ဆဲရေးလေ၏။ မြတ်စွာဘုရားက သည်းခံတော်မူကာ ပုဏ္ဏားကြီးအား သင့်အိမ်ရောက်လာသော ဆွေမျိုးများသည် သင်ကျွေးမွေးပြုစုသော ခဲဖွယ်ဘောဇဉ်တို့ကို မသုံးဆောင်သော် ထိုခဲဖွယ်ဘောဇဓဉ်များသည်မည်သူ့ထံ၌ ကျန်သနည်းဟုမေး၏။ ပုဏ္ဏားကြီးက မိမိထံ၌သာ ကျန်ကြောင်းဖြေကြားသော် မြတ်စွာဘုရားက သင်၏မယဉ်ကျေးသောဆဲမျိုးတစ်ရာကို ငါလက်မခံ၊ သင့်ထံသာကျန်ပါစေဟုပြောပြီး အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ကြောင်း တရားဟောတော်မူ၏။

၁၈။ ရှင်အာနန္ဒာ၏ ပယ်လေးတန်၊ ပန်လေးပါး၊ ဆုရှစ်ပါး တောင်းခံတော်မူခန်း

မြတ်စွာဘုရား ၀ါတော်နှစ်ဆယ်ရသော် အမြဲတမ်းအလုပ်အကျွေး ရဟန်းတစ်ပါးလိုလာ၏။ မြတ်စွာဘုရားက ငါဘုရားအတွက် အမြဲတမ်းအလုပ်အကျွေးရွေးရန်မိန့်ကြား၏။ ရဟန်းများက ညီတော်အာနန္ဒာအား မြတ်စွာဘုရားကို လုပ်ကျွေးခွင့်ပြုရန် လျှောက်ထားစေလိုကြောင်း တိုက်တွန်းကြ၏။ ညီတော်အာနန္ဒာက မိမိမလိုလားသောဆုလေးမျိုးကိုပယ်ခွင့်ရပြီး လိုလားသောဆုလေးမျိုးကို ခွင့်ပြုပါလျှင် လုပ်ကျွေးမည်ဖြစ်ကြောင်းလျှောက်၍ ပယ်ဆုလေးတန်၊ ပန်ဆုလေးပါးတောင်းပြီးး အမြဲတမ်းအလုပ်အကျွေးတာဝန်ယူ၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသည့်တိုင် လုပ်ကျွေးတော်မူလေ၏။

၁၉။ ကာလာမသုတ် ဟောတော်မူခန်း

ကာလာမ အမျိုးသားတို့သည် မြတ်စွာဘုရားထံချဉ်းကပ်၍ အချို့သော သမဏ ဗြဟ္မဏတို့သည် မိမိတို့ဝါဒကိုသာ မှန်ကန်သည်ဟု ဟောပြောလျက် သူတစ်ပါးတို့၏ ၀ါဒကို ရူတ်ချကြ၏။ မည်သည့်ပုဂ္ဂိုလ်တို့၏ ၀ါဒစကားသည် မှန်သနည်းဟု လျှောက်သော် မြတ်စွာဘုရားက ပြောသံကြားစကား၊ အစဉ်အဆက်စကား၊ စာပေနှင့် ညီညွတ်သည်ဟူသောစကား စသည်ဖြင့် ထိုစကားများကို မယုံကြည်သင့်၊ အပြစ်ရှိသည်ဟု ကိုယ်တိုင်သိသောတရားများကို စွန့်ပယ်၍ ကောင်းကျိုးချမ်းသာခြင်းငှာ ဖြစ်သည်ဟု ကိုယ်တိုင်သိသော တရားများကိုသာ ယုံကြည်ကျင့်ကြံကုန်ရ၏ဟု “ကေသမုတ္တိသုတ်”ကို ဟောတော်မူလေ၏။

၂၀။ ဂိလာန ရဟန်းအား ပြုစုတော်မူခန်း

မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်အတူ ကျောင်းစဉ်လှည့်လည်သည်ရှိသော် ၀မ်းသက်ရောဂါဖြစ်၍ ကျင်ကြီးကျင်ငယ်တို့ဖြင့် လူးလှိမ့်အိပ်နေသော ရဟန်းကြဓီးတစ်ပါးကို မြင်လေ၏။ မြတ်စွာဘုရားက ထိုသူနာရဟန်းကိုမေးမြန်းသော် မိမိတွင်လုပ်ကျွေးမည့်သူမရှိကြောင်း လျှောက်လေ၏။ မြတ်စွာဘုရားသည် ကိုယ်တိုင်ရေနွေးဖြင့်ဖန်ဆေး၍ သူနာပြုတော်မူ၏။ ထိုအကြောင်းကြောင့် ရဟန်းများကို စုဝေးစေပြီးလျှင် ရဟန်းတို့အချင်းချင်း လုပ်ကျွေးပြုစုကုန်ကြလော့၊ ငါဘုရားကို လုပ်ကျွေးပြုစုလိုသောရဟန်းသည် နာဖျားသောရဟန်းကို လုပ်ကျွေးပြုစုရာ၏ဟု ဆုံးမတော်မူလေ၏။

၂၁။ မာလုကျပုတ္တရဟန်းအား ဆုံးမတော်မူခန်း

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေစဉ် အရှင်မာလုကျပုတ္တမထေရ်သည် မြတ်စွာဘုရားထံချဉ်းကပ်ပြီး လောကသည် မြဲ၏၊ မမြဲ၏ အစရှိသည်တို့ကို မြတ်စွာဘုရားသည် မဟောကြားသေး၊ မြတ်စွာဘုရား မသိငြားအံ့မသိဟုဝန်ခံရန်၊ အကယ်၍မဟောကြားလျှင် မိမိလူထွက်တော့မည်ဟု လျှောက်ထား၏။ မြတ်စွာဘုရားက မာလုကျပုတ္တအား၊ “အကျိုးစီးပွားနှင့် မစပ်သည်တို့ကို ငါမဟောကြား၊ လောကသည်မြဲသည်ဖြစ်စေ၊ မမြဲသည်ဖြစ်စေ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏတရားတို့ဥည် တွေ့စမြဲဖြစ်သည်။ မြားပစ်ခံရသူသည် မြားပစ်ရာအရပ်၊ မြားပစ်သူ၊ လင်းလေး၊ ဒူးလေး စသည်တို့ကိုသိမှ မြားနုတ်အံ့ဟု ဆိုချေသော် သေရာသာရှိ၏။ ခန္ဓာကိုယ်၏ ဆင်းရဲခြင်းများကို မျက်မှောက်ဘ၀၌ပင် တွေ့ကြုံရသည်ဖြစ်၍ ငါဟောကြားသည်ကို ဟောကြားသည့်အတိုင်း မဟောကြားသည်ကို မဟောကြားသည့်အတိုင်းသာမှတ်လော့”ဟု ဆုံးမတော်မူ၏။

၂၂။ မဟာသာလပုဏ္ဏားကြီးကို ဂါထာသင်ကြားပေးခန်း

အသပြာရှစ်သိန်းကြွယ်ဝသော မဟာသာလပုဏ္ဏားကြီးသည် ဥစ္စာတို့ကို သားများအား အမွေအဖြစ် ခွဲဝေပေးလိုက်၏။ ဥစ္စာမရှိတော့သောပုဏ္ဏားကြီးကို သားများကစွန့်ပယ်ထားသောအခါ ပုဏ္ဏားကြီးသည် ဆင်းရဲပင်ပန်းစွာ လှည့်လည်ရှာဖွေစားသောက်နေရ၏။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံ ရောက်လာသော် မြတ်စွာဘုရားက ဂါထာလေးပုဒ်သင်ကြားပေး၏။ ပုဏ္ဏားကြီးသည် ထိုဂါထာမျာိးကု ပရိတ်သတ်စုံရာသဘင်၌ရွတ်ဆိုသော် မြို့သူမြို့သားများက သားများကို ခြိမ်းခြောက်မောင်းမဲပြစ်တင်ကြလေ၏။

၂၃။ ပဉ္စဂ္ဂပုဏ္ဏားထံမှ ဆွမ်းခံတော်မူခန်း

မြတ်စွာဘုရားသည် ပဉ္စဂ္ဂပုဏ္ဏားကြီးထမင်းစားနေစဉ် ဆွမ်းခံကြွလာ၏။ ပုဏ္ဏေးမကြီးက ကန်တော့ဆွမ်းဟူသော အမူအရာကို ပုဏ္ဏားကြီးမမြင်အောင်ပြလေ၏။ ပုဏ္ဏားကြီးသိလေသာ် မြတ်စွာဘုရားထံချဉ်းကပ်ပြီး၊ မိမိစားဆဲ ထမင်းသာလျှင်ရှိပါ၏။ မြတ်စွာဘုရားကို အဦးမလှူရသဖြင့် လျှောက်ပတ်ပါမည်လော၊ လက်ခံနိုင်ပါမည်လောဟု လျှောက်၏။ မြတ်စွာဘုရားက ဆွမ်းဦးကိုလည်းကောင်း၊ စားဆဲကိုလည်းကောင်း၊ စားပြီးကျန်ကြွင်းသောဆွမ်းကိုလည်းကောင်း လှူရန်လျှောက်ပတ်၏။ အလှူခံ ရဟန်းပုဏ္ဏားတို့သည် လှူသောဆွမ်းကို ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းမပြုသင့်ဟု ဟောကြားတော်မူ၏။

၂၄။ ဒေ၀ဒတ် သံဃာသင်းခွဲခန်း

ဒေ၀ဒတ်သည် မြတ်စွာဘုရားနှင့် စစ်ပြိုင်ပြုလိုသော အကြံဖြင့် မြတ်စွာဘုရားထံမှောက် သဓွားရောက်ကာ ရဟန်းများ သက်သတ်လွတ်စားရန်၊ ပံ့သကူသင်္ကန်းဆောင်ရန်၊ ရုက္ခမူ ဓူတင်ဆောင်ရန် စသော ငါးပါးသောဝတ္ထုတို့ကိုတောင်း၏။ မြတ်စွာဘုရားက ခွင့်မပြုသောအခါ မြတ်စွာဘုရားသည် ရဟန်းတို့အား လာဘ်ပေါးများခြင်း အကျိုးငှာသာ ပြု၏ဟု ကဲ့ရဲ့၍ မိမိနှင့် သဘောတူသော ရဟန်းများကို ခေါ်ယူလျက် သံဃာသင်းခွဲကာ မြတ်စွာဘုရားထံမှ ထွက်ခွာသွားလေ၏။ ဤအကုသိုလ်ကြောင့် ဒေ၀ဒတ်သည် မြေမြိုခံရလေသည်။

၂၅။ အဇာတသတ် ကန်တော့ခန်း

ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်မိသော အဇာတသတ်၏စိတ်သည် မတည်မငြိမ်ဖြစ်နေသည်။ မိမိ၏စိတ်အေးချမ်းတည်ငြိမ်စေရန်အတွက် အားကိုးရာရှာ၏။ ဆရာဇီဝကသည် တန်ဆောင်မုန်းလပြည့်ညတွင် ဆင်မယာဉ်သာ ၅၀၀-ကို မောင်းမ ၅၀၀-စီးနင်းစေ၍ အဇာတသတ်ကို ခြံရံစေကာ မြတ်စွာဘုရားထံပို့လေ၏။ ၁၂၅၀သော သံဃာတို့၏ အလယ်၌ရှီသော မြတ်စွာဘုရားကို ဖူးမြော်ရ၍ သံဃာပရိသတ်၏ ငြိမ်သက်မူကို ဖူးမြင်ရသည့်အခါ နှစ်သက်ကြည်ညို သဒ္ဓါပိုကာ ၀မ်းမြောက်ဝမ်းသာ ဥဒါန်းစကားကျူးရင့်လေသည်။ မြတ်စွာဘုရား၏ တရားကို နာကြားရသောကြောင့် ဥပသကာအဖြစ် ခံယူလေ၏။

၂၆။ အရှင်သာရိပုတ္တရာ၏ ချီးမွမ်းလျှောက်ထားခန်း

အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို ကြည်ညိုတော်မူကာ မြတ်စွာဘုရားနှင့်တူသူ ယခင်ကလည်းမရှိခဲ့၊ ယခုလည်းမရှိ၊ နောင်တွင်လည်း ရှိမည်မဟုတ်ဟု ၀မ်းသာအားရ ချီးပလျှောက်ထားလေ၏။ မြတ်စွာဘုရားက ပွင့်တော်မူပြီး၊ ပွင့်တော်မူဆဲ၊ ပွင့်တော်မူလတ္တံ့သော ဘုရားများ၏ စိတ်ကို သင်သိနိုင်ပါသလောဟုမေး၏။ အရှင်သာရိပုတ္တရာက မသိနိုင်ပါကြောင်း လျှောက်ထား၏။ သို့ပါလျက် ထိုစကားကို အဘယ်ကြောင့် ပြောရသနည်းဟု မေးမြန်းလေ၏။ အရှင်သာရိပုတ္တရာက အရှင်ဘုရားသည် အကြွင်းမဲ့ဥဿုံသိတော်မူသည်ဟု တပည့်တော်ယုံကြည် ကြည်ညို၍ ဤကဲ့သို့သော ရဲရဲရင့်ရင့် စကားဖြင့် လျှောက်ထားရခြင်းဖြစ်ပါ၏ဟု လျှောက်တော်မူလေသည်။

၂၇။ အမ္ဗပါလီ၏ ဆွမ်းပင့်လျှောက်ထားခန်း

မြတ်စွာဘုရားသည် ဝေသာလီပြည် အမ္ဗပါလီ၏ သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ် အမ္ပပါလီ ပြည့်တန်ဆာမသည် မြတ်စွာဘုရားထံ ဆွမ်းဖိတ်လေ၏။ မြတ်စွာဘုရားက လက်ခံတော်မူ၏။ လိစ္ဆ၀ီမင်းများက အမ္ဗပါလီထံမှ ထိုဆွမ်းလှူခွင့်ကို အသပြာပေး၍ ၀ယ်ကြလေ၏။ အမ္ဗပါလီက ငြင်းပယ်သောအခါ လိစ္ဆ၀ီမင်းများသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ ဆွမ်းဖိတ်လျှောက်ထားပြန်၏။ မြတ်စွာဘုရားက အမ္ဗပါလီ၏ဆွမ်းကို လက်ခံပြီးဖြစ်သည်ဟု မိန့်ကြားလျက် လိစ္ဆ၀ီမင်းများ၏ လျှောက်ထားချက်ကို ငြင်းပယ်တော်မူလေသည်။

၂၈။ ပရိနိဗ္ဗာန် စံတော်မူခန်း

မြတ်စွာဘုရား သက်တော် ၈၀၊ ၀ါတော် ၄၅-၀ါတွင် အာယုသင်္ခါရလွှတ်တော်မူ၏။ ကုသိနာရုံသို့ ရဟန်းများခြံရံလျက် ကြွတော်မူရာ၊ ၀မ်းလားနေသော်လည်း ဝေဒနာကို သည်းခံ၏။ ရဟန်းများစုံညီစေ၍ ပစ္ဆိမ၀စန နောက်ဆုံးစကားမိန့်ကြားတော်မူပြီးလျှင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန်စံတော်မူ၏။

ကဆုန်လပြည့်ကျော် တစ်ဆယ့်နှစ်ရက် တနင်္ဂနွေနေ့တွင် တေဇောဓာတ်လောင်တော်မူ၏။ ကြွင်းကျန်ရစ်သော ဓာတ်တော်များကို ရလိုမူဖြင့် မင်းများက စင်ပြင်ကြ၏။ မင်းတို့၏ ဆရာဖြစ်သော ဒေါဏပုဏ္ဏားကြီးက ဓာတ်တော်များကို ညီမျှစွာခွဲဝေပေးလေ၏။ ပုဏ္ဏားကြီးမူကား ဓာတ်တော်ခြင်သော ခွက်ကိုသာ ရလေ၏။

.....သာသနာ့အလံ ဖြစ်ပေါ်လာပုံ နှင့် တီထွင်သူ အမှန်......

Posted by drmyochit Saturday, November 09, 2013, under | No comments


(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲ များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း

အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။ 
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင် မန္တလေးသို.လာရောက်ပြီးသံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။
မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ

အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်

1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
်မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
REF;ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်

........... "သာသနာပြုနည်းဗျူဟာ" ..........

Posted by drmyochit Saturday, November 09, 2013, under | No comments


မျက်မှောက်ခေတ်သာသနာ၌ သာသနာပြု ရဟန်းတော်များ၏ သာသနာရေးဆောင်ရွက်ချက် တစ်နည်းအားဖြင့် သာသနာပြုနည်းဗျူဟာ (၆)မျိုး ရှိပါသည်။
၎င်းတို့မှာ
(၁) တရားဟောသာသနာပြုနည်း
(၂) တရားပြသာသနာပြုနည်း
(၃) စာချသာသနာပြုနည်း
(၄) သင်တန်းပို့ချသာသနာပြုနည်း
(၅) စာရေး (ကျမ်းပြု) သာသနာပြုနည်း
(၆) အသင်းအဖွဲ့တည်ထောင် သာသနာပြုနည်း တို့ဖြစ်ပါသည်။
၁။ ။ တရားဟောသာသနာပြုနည်း။ ။
“မြတ်စွာဘုရား”မှစ၍ တရားဟောသာသနာပြုခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း -(၂၆၀၀)- နီးပါးရှိပါပြီ။ “မြတ်စွာဘုရား”သည် “မိဂဒါဝုန်တော”၌ “ပဉ္စ၀ဂ္ဂီ”တို့အား တရားဦးဟော၍ သာသနာပြုခဲ့ပါသည်။ “ရှင်သာရိပုတ္တရာ”သည်ပင် “ရှင်မဟာအဿဇိ”ထံမှ တရားနာရ၍ “သောတာပန်”တည်ခဲ့ပါသည်။ သာသနာထွန်းကား ပြန့်ပွားရေး သာသနာတည်တန့်ခိုင်မြဲရေးတို့အတွက် တရားဟောခြင်းသည် များစွာကျေးဇူးပြုပါသည်။ သာသနာမကွယ်သေးဘဲ တည်ရှိနေဦးမည့် ကာလတစ်လျှောက် တရားဟောသာသနာပြုခြင်းသည် မဖြစ်မနေ ရှိနေဦးမည့် သာသနာပြုလုပ်ငန်း ဖြစ်ပါသည်။ “ရှင်အရဟံ”ထံတော်မှ တရားနာရ၍ “အနော်ရထာ” ဗုဒ္ဓဘာသာဝင်ဖြစ်သည့် အချိန်မှစ၍ မြန်မာပြည်၌ တရားဟော သာသနာပြုနည်း တွင်ကျယ်လာခဲ့ပါသည်။ “လယ်တီဆရာတော်၊” “အနီးစခန်းဆရာတော်၊” “ထူးကြီးဆရာတော်၊” “မင်းကွန်း ဆရာတော်၊” “သီတဂူဆရာတော်၊” “မြစင်္ကြာဆရာတော်၊” “၀ါခင်းကုန်းဆရာတော်” စသည်တို့မှာ တရားဟောသာသနာ ပြုရာ၌ ထင်ရှားသော ဆရာတော်ကြီးများဖြစ်ပါသည်။
၂။ ။ တရားပြသာသနာပြုနည်း။ ။
မြတ်စွာဘုရား ဟောဖေါ်ညွှန်ပြသည့် နည်းနာများကို လက်တွေ့ကျင့်ကြံ ကြိုးကုတ်အားထုတ်တော်မူကြရာမှ အမြိုက်တရားအရသာကို ခံစားကြရပြီး မိမိတို့ ရရှိခံစားဖူးသည့် တရားထူး တရားမြတ်များကို ပြန်လည်ပို့ချရင်း သာသနာပြုသည့် နည်းသည် တရားပြ သာသနာပြုနည်းဖြစ်ပါသည်။မြတ်စွာဘုရားသည် ပရိတ်သတ်လေးပါးအား ဆိုင်ရာဆိုင်ရာ ဝေနေယျတို့နှင့် သင့်တော်မည့် ကမ္မဋ္ဌာန်းတရားကို ဟောပြောပို့ချပြသ ညွှန်ကြားခဲ့ပါသည်။ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များက ကမ္မဌာန်းနည်းများကို နာယူပြီး ကိုယ်တိုင်ကျင့်ကြံပွားများ အားထုတ်ကြရင်းမှ တရားထူး တရားမြတ်များ ရရှိခဲ့ကြပါသည်။ ထို့သို့ တရားပြသာသနာပြုနည်းသည်လည်း မြတ်စွာဘုရားရှင်၏ သာသနာပြုနည်းဖြစ်၍ မြတ်စွာဘုရားသာသနာတည်ရှိနေသမျှ ကာလပတ်လုံး တည်ရှိနေဦးမည့် သာသနာပြုနည်း ဗျူဟာတစ်ခု ဖြစ်ပါသည်။မြန်မာနိုင်ငံ၌ ကမ္မဋ္ဌာန်းရိပ်သာများတည်ထောင်ပြီး တရားပြသာသနာပြုခဲ့သည့် ဆရာတော်ကြီးများ၊ လက်ရှိလည်း တရားပြနေသည့် ဆရာတော်ကြီးများ များစွာရှိပါသည်။“လယ်တီဆရာတော်၊” “ဝေဘူဆရာတော်၊” “စွန်းလွန်းဆရာတော်၊” “မဟာစည်ဆရာတော်၊” “မိုးကုတ်ဆရာတော်၊” “မိုးညှင်းဆရာတော်၊” “သဲအင်းဂူဆရာတော်၊” “ကသစ်ဝိုင်ဆရာတော်၊” “တော်ကူးဆရာတော်၊” “ရွှေတောင်ကုန်းဆရာတော်၊” “ချမ်းမြေ့ဆရာတော်၊” “သဒ္ဓမ္မရံသီဆရာတော်၊” “ရွှေဥမင်ဆရာတော်၊” “ဖားအောက်ဆရာတော်” စသည်တို့မှာ ကမ္မဋ္ဌာန်းရိပ်သာများ တည်ထောင်ဖွင့်လှစ်၍ တရားပြ သာသနာပြုရာ၌ ထင်ရှားသော ဆရာတော်ကြီများဖြစ်ပါသည်။

၃။ ။ စာချသာသနာပြုနည်း။ ။
စာချသာသနာပြုလုပ်ငန်းသည်လည်း မြတ်စွာဘုရားလက်ထက်ကပင် တည်ရှိခဲ့သည့် သာသာနာပြုနည်းဗျူဟာဖြစ်ပါသည်။ ပိဋကသုံးပုံတတ်၍ တပည့်များကို စာပေပို့ချ သာသနာပြုရာ၌ “ပေါဋ္ဌိလ မထေရ်ကြီး”မှာ ထင်ရှားပါသည်။ မြန်မာပြည်၌လည်း “ပုဂံခေတ် ကျမ်းတတ်အကျော်ဆရာတော်ကြီးများ”မှ အစ “ပခုက္ကူခေတ် ကျမ်းပြုအကျော်ဆရာတော်ကြီးများ၊” “စံကင်းဆရာတော်၊” “မစိုးရိမ်ဆရာတော်”၊ “မြတောင်ဆရာတော်၊” “၀ိသုဒ္ဓါရုံဆရာတော်၊” “မိုးကောင်းဆရာတော်၊” “ခင်မကန်ဆရာတော်၊” “တောင်သမန်ဆရာတော်၊” “ဂွေးချိုဆရာတော်၊” “ဘုရားကြီးဆရာတော်၊” “တောင်မြို့ မဟာဂန္ဓာရုံဆရာတော်၊” “ဓမ္မိကာရာမဆရာတော်၊” “ထီးလင်းဆရာတော်၊” “နန္ဒီသေနာရာမဆရာတော်၊” “ဆီဘန်နီဆရာတော်၊” “မင်းကွန်းဆရာတော်”စသည်တို့မှာ စာသင်တိုက်ကြီးများ တည်ထောင်၍ စာပေပို့ချပြီး သာသနာပြုရာ၌ ထင်ရှားသော ဆရာတော်ကြီးများ ဖြစ်ပါသည်။
၎။ ။သင်တန်းပို့ချသာသနာပြုနည်း။ ။
ရှေးခေတ် ရှေးအခါက ယဉ်ကျေးမှုသင်တန်း၊ အဘိဓမ္မာသင်တန်း၊ ပရိတ်ပဋ္ဌာန်းသင်တန်းစသည်ဖြင့် ၀ိဇ္ဇာပညာရပ်ဆိုင်ရာ ဘာသာရေးသင်တန်းများ မရှိသေးပါ၊ ရှိစရာလည်းမလိုပါ၊ ရှိလျှင်လည်း အောင်မြင်မည်မဟုတ်ပါ၊ အကြောင်းမှာ ရှေးဆရာတော်ကြီးများသည် မြန်မာနိုင်ငံ၏ ပညာရေးကို ချုပ်ကိုင်ထိန်းသိမ်း ထားသောကြောင့် ဖြစ်ပါသည်။ဗုဒ္ဓဘာသာဝင်ကလေးများမှန်သမျှ ဘုရားရှိခိုးအမျိုးမျိုး၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း အပါအ၀င် ဆယ်စောင်တွဲလာ ပရိတ်ကြီးများ လောကနီတိတို့မှစ၍ သဒ္ဒါ၊ သင်္ဂြိုဟ်စသည်တို့ကို မသင်မနေရ သင်ကြားရသောကြောင့် လူပုဂ္ဂိုလ်တိုင်းနီးပါး ဘာသာရေး အခြေခံရှိကြပါသည်။ အဘိဓမ္မာတတ်သိကြပါသည်။ထို့ကြောင့် ယဉ်ကျေးမှုသင်တန်းဟူ၍လည်းကောင်း၊ အဘိဓဓ္မာသင်တန်းဟူ၍လည်းကောင်း သီးခြားပို့ချစရာမလိုတော့ပါ။ လွတ်လပ်ရေး ရပြီး နောက်ပိုင်းကာလ၌ ခေတ်ပညာတတ် ခရစ်ယာန်သာသနာပြုကျောင်းများ ပေါ်ပေါက်လာရာမှစ၍ ခေတ်မီလိုသော မိဘများက ရဟန်းတော်များ အရိပ်အာဝါသထဲမှ ကလေးများကို ဆွဲထုတ်ခေါ်ယူသွားရာမှ တစ်စစဖြင့် ဘက(ဘုန်းကြီး ကျောင်းသင်) ပညာရေးများ ဆုံးရှုံးလာခဲ့ခြင်း ဖြစ်ပါသည်။ မျက်မှောက်ခေတ်၌ကား သာသနာပြုရဟန်းတော်များသည် ဘွဲ့တံဆိပ်ပညာရေးနောက် အပူတပြင်းလိုက်နေကြ၍ ကလေးများ၏ ဘာသာယဉ်ကျေးမှု ဖြစ်သည့် ဗုဒ္ဓစာပေ၀ိဇ္ဇာပညာရေးကို လျစ်လျူရှုလာခဲ့ကြပါသည်။ ထိုအခါ ကလေးများ၏ ရင်ထဲနှလုံးသားထဲ၌ ဘုရားတည်ပေးရန်အလို့ငှါ ဘာသာတရားကို လက်ဆင့်ကမ်း ပေးရန်အလို့ငှါ၊ အခြေခံယဉ်ကျေးမှုသင်တန်းများမှအစ အဘိဓမ္မာသင်တန်းများအထိ သင်တန်းများ ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။ ထို့အပြင် ရဟန်းတော်များ သာသနာပြုရာ၌ အထောက်အကူဖြစ်အောင် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းများ၊ ပရိယတ္တိတက္ကသိုလ်ကြီးများလည်း တည်ထောင်ဖွင့်လှစ်လာခဲ့ကြပါသည်။

၅။ ။စာရေး(ကျမ်းပြု)သာသနာပြုနည်း။ ။
သီဟိုဠ်ခေတ် အရှင်မဟာဗုဒ္ဓဃောသ၏ မြတ်စွာဘုရား ဟောတော် မူသည့် ပိဋကတ်သုံးပုံ ပါဠိတော်များကို ဖွင့်ဆိုသည့် ကျမ်းများဖြစ်သော အဋ္ဌကထာကျမ်းများမှ စတင်၍ စာရေးသားခြင်း ကျမ်းပြုခြင်း သာသနာပြုနည်းပညာများ ထွန်းကားလာခဲ့သည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်ပါသည်။ စာသင်၊ စာချ၊ စာဖတ်ပရိတ်သတ်များ အသိအလိမ္မာတိုးပွားရန် အလို့ငှါ စာရေးသားခြင်း၊ ကျမ်းပြုခြင်း သာသနာပြုလုပ်ငန်းများသည်လည်း အမှန်တကယ်လိုအပ်သည့် နည်းပညာဖြစ်ပါသည်။ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရ၊ မင်းဘူးအရှင် ဦးသြဘာသ၊ ဆရာတော် ဦးဗုဓ်၊ လယ်တီဆရာတော်၊ မန်လည်ဆရာတော်၊ ညောင်ကန်ဆရာတော်၊ တောင်မြို့မဟာဂန္ဓာရုံဆရာတော်၊ မင်းကွန်းဆရာတော်၊ တောင်တန်းဆရာတော် စသည်တို့မှာ စာပေကျမ်းဂန် ရေးသားပြုစုရင်း သာသနာပြုရာ၌ ထင်ရှားသော ဆရာတော်ကြီးများ ဖြစ်ပါသည်။
၆။ ။အသင်းအဖွဲ့ တည်ထောင်သာသနာပြုနည်း။ ။
်ခေတ်၏တောင်းဆိုမှု ခေတ်၏လိုအပ်ချက်အရ ခေတ်နှင့် လိုက်လျောညီထွေ ရှိအောင် သာသနာပြုလိုကြသူများသည် အသင်းအဖွဲ့များတည်ထောင်၍ သာသနာပြုလာခဲ့ကြပါသည်။ လူမှုရေးကို အခြေခံသည့် အသင်းများ၊ ဘာသာရေးကို အခြေခံသည့် အသင်းများ၊ ကျန်းမားရေးကို အခြေခံသည့် အသင်းများ စသည်ဖြင့် များစွာရှိပါသည်။ယခုအခါ၌ နှစ်တစ်ရာ ကျော်ပြီဖြစ်သော သာသနာပြုအသင်းကြီးများ ဖြစ်သည့် မင်းကွန်းဘိုးဘွား ရိပ်သာ၊ ၀ိုင်အမ်ဘီအေအသင်း၊ မလွန်ဆန်လှုအသင်း၊ ပရိယတ္တိသာသနဟိတ(သကျသီဟ) အသင်းတို့မှာ အသင်းအဖွဲ့များ တည်ထောင်၍ သာသနာပြုရာ၌ ထင်းရှားသော အသင်းကြီးများ၊ သာသနာ့မိခင်ကြီးများ ဖြစ်ကြပါသည်။ယခုခေတ်တွင်လည်း သီတဂူဆေးရုံ၊ ၀ါးချက်ဆေးရုံ၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးများ၊ ဗြဟ္မစိုရ်အသင်း၊ ရွှေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်းနှင့် သွေးလှူအသင်းများ၊ သန့်ရှင်းရေး အသင်းများသည်လည်း ခေတ်၏တောင်းဆိုမှုကို ဖြည့်ဆည်းသည့်အနေဖြင့် ပေါ်ပေါက် လာသော သာသနာပြုအသင်းများဖြစ်ကြပါသည်။ထိုသာသနာပြုနည်း (၆)မျိုးတွင် အနည်းဆုံး နှစ်ခုသုံးခုကို လုပ်ဆောင်ရင်း ဘက်စုံအောင်မြင်သည့် ဆရာတော်ကြီးများ လည်းရှိပါသည်။

(၁) လယ်တီဆရာတော်ဘုရားကြီးသည် စာသင်တိုက်ဖွင့်လှစ်၍ စာချ၏၊ အောင်မြင်၏။တရားဟော၏၊ အောင်မြင်၏။ တရားပြ၏၊ အောင်မြင်၏။ စာရေး(ကျမ်းပြု)၏၊ အောင်မြင်၏။ သုံးလူ့ရှင်ပင် ခုနှစ်နေ့ဘုရားရှိခိုးမှစ၍ တေးထပ်များ အလယ်၊ ဒီပနီကျမ်းများအဆုံး ဆရားတော်ကြီး ပြုစုခဲ့သမျှ ထင်းရှားသည့် ကျမ်းများပင်ဖြစ်ပါသည်။ အင်္ဂလိပ်ခေတ်၌ ဆရာတော်၏ အရွယ်မရွေး လူတန်းစားမရွေး ဖတ်ရှုနိုင်သော စာပေများ၏ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ဘာသာရေးအခြေခံ ရခဲ့ကြပါသည်။ ကိုးကွယ်မှု အဆင့်အတန်းမြင့်မားခဲ့ပါသည်။ ခရစ်ယာန်သာသနာပြုဆရာတို့ ဆရာတော်ကြီးကို တိုးမပေါက်ပါ။ယခုချိန်ထိ လယ်တီတိုက်ဟူ၍ မုံရွာမှာထင်ရှားစွာရှိပြီး လယ်တီဆရာတော်အဆက်ဆက် အုပ်ချုပ်လျှက် ပရိယတ္တိသာသနာထွန်းကား ပြန့်ပွားအောင် ဆောင်ရွက်လျှက်ရှိပါသည်။ပဋိပတ္တိဘက်မှာလည်း လယ်တီဝိပဿနာသည် ယနေ့ထက်တိုင် မရိုးနိုင်သည့် ၀ိပဿနာရှုနည်း အဖြစ် အများစုက လက်ခံနေပါသည်။ လယ်တီ ဦးပဒုမ၊ လယ်တီ ဦးဝိလာသ၊ လယ်တီ ဦးကောဝိဒ၊ လယ်တီ ပဏ္ဍိတဦးမောင်ကြီးစသည်ဖြင့် ဘက်စုံထူးချွန်ထက်မြက်သော သာသနာပြု သူရဲကောင်းများမှာ လယ်တီဆရာတော်ဘုရားကြီး၏ လက်ရုံးတပည့်ရင်းများ ဖြစ်ကြပါသည်။
(၂) ပထမမစိုးရိမ်ဆရာတော်ကြီး ဘဒ္ဒန္တသူရိယာဘိဝံသ(အဂ္ဂါဘိဓဇ)သည်လည်း ထူးချွန်သော ဆရာတော်ကြီး ဖြစ်ပါသည်။ ဆရာတော်ကြီးသည် မစိုးရိမ်တိုက်ကြီးနှစ်တိုက်ကို တည်ထောင်နိုင်ခဲ့ပါသည်။ စာသင်သားတို့ ညအခါကျမ်းများ လေ့လာရာတွင် လွယ်ကူအောင် ပဋ္ဌာန်းနှစ်ချက်စု လေ့လာနည်းကို တီထွင်ဆန်းသစ်ခဲ့ပါသည်။ မြတ်စွာဘုရား၏ သဗ္ဗညုတ ဥာဏ်တော်ကြီးနှင့်သာ အံဝင်ခွင်ကျ ကိုက်ညီမှုရှိလှသော သိမ့်မွေ့နက်နဲ ခက်ခဲသည့် ပဋ္ဌာန်းတရားတော်ကို လူသာမန် ရဟန်းသာမန်တို့ လေ့လာဖို့ မလွယ်ကူလှပါ။တိပိဋက စာမေးပွဲများတွင်လည်း နှစ်ပုံအောင်ပြီးမှ အဘိဓမ္မာပဋ္ဌာန်းပိုင်းရောက်လျှင် အခက်တွေ့နေပြီး တစ်နေလေ့ ထစ်နေလေ့ရှိကြပါသည်။ အာဒိကမ္မိက တိပိဋကဓရ မင်းကွန်းဆရာတော်ကြီးသည်ပင် ပဋ္ဌာန်းကျမ်းများ အာဂုံဆောင်ရန် ခက်ခဲနေ၍ မစိုးရိမ်ဆရာတော်ကြီးထံ နည်းခံခဲ့ရပါသည်။ မစိုးရိမ် ပဋ္ဌာန်းနှစ်ချက်စု နည်းဖြင့် လေ့လာသည့်အခါတွင် ပဋ္ဌာန်းတရားသည် အလွန်လွယ်ကူလွန်းသည်ဟု ထင်ရကြောင်း မင်းကွန်းဆရာတော်ကြီးက မိန့်ဖူးပါသည်။ မစိုးရိမ်ဆရာတော်ကြီး၏ ပဋ္ဌာန်းလေ့လာနည်းသည် ဤမျှထိအောင် ပေါက်မြောက်ခဲ့ပါသည်။ မစိုးရိမ် ဆရာတော်ကြီးသည် လယ်တီဆရာတော် မင်းကွန်းဆရာတော်တို့ကဲ့သို့ နယ်လှည့် တရားမဟောသော်လည်း ဘာသာရေး အခမ်းအနားများ၌ ဆရာတော်သြ၀ါဒပေးခဲ့သည့် အဆုံးအမများမှာ မဟာဂန္ဓာရုံ ဆရာတော်၏ နံနက်ခင်းသြ၀ါဒ တရားများကဲ့သို့ပင် ဘ၀ကိုပြောင်းလဲစေခဲ့ပါသည်။ ချမ်းမြေ့စေခဲ့ပါသည်။ ထို့အပြင် ဆရာတော်သည် စာသင်သား သံဃာထုအတွက် အလုပ်တွေအမျာကြီး လုပ်သွားခဲ့ပါသည်။ မန္တလေး-ပရိယတ္တိသာသနာဟိတ အသင်းကြီးက တစ်နှစ်တစ်ကြိမ် ကျင်းပသည့် နိကာယ်စာမေးပွဲ၊ မိုးကုတ်မြို့ နိကာယ်စာမေးပွဲနှင့် အနယ်နယ်အရပ်ရပ်၌ နိကာယ်စာမေးပွဲများကို တည်ထောင်ကာ နိကာယ်သာသနာပြုနိုင်ခဲ့ပါသည်။ ဆရာတော်ကြီး၏ တပည့်များသည်လည်း ဆရာတော်ကြီးနည်းတူ စွမ်းဆောင်နိုင်ခဲ့ကြပါသည်။ ပရိယတ္တိဘက်မှရော ပဋိပတ္တိဘက်မှာပါ ထူးချွန်ထင်ရှားလှသည့် ဆရာတော်အများစုမှာ ဆရာတော်ကြီး၏ တပည့်ကြီးများဖြစ်ပါသည်။ မစိုးရိမ်တိုက်များမှ ဆရာတော်ကြီးများအပြင် မော်လမြိုင်မြို့ အဂ္ဂါဘိဓဇ တောင်လေးလုံးဆရာတော်ကြီးနှင့် ကျောက်ဆည်မြို့ ဝေဘူဆရာတော်ကြီးတို့မှာ ထင်ရှားသော တပည့်ကြီးများဖြစ်ပါသည်။ ထို့အပြင် ပရိယတ္တိသာသနာကို အဓွန့်ရှည် ထိန်းသိမ်းနိုင်ရန်အတွက် ကျောင်းထိုင်နာယက အရည်အချင်း သတ်မှတ်မှုကလည်း စံတင်ထိုက်လှပါသည်။ အသက်သိက္ခာတော်များနှင့် လုပ်သက်သမ္ဘာများကို ဦးစားပေးမရွေးချယ်ပါ။ ဆွေမျိုးညာတိ ဟူ၍လည်း ကျောသားရင်သား မခွဲခြားပါ။ စွမ်းနိုင်သူများကိုသာ ရွေးခြယ်သတ်မှတ်တော်မူပါသည်။ ပရိယတ္တိသာသနဟိတ (သကျသီဟ) ဓမ္မာစရိယ(အဘိဝံသ)ဘွဲ့ရ ပုဂ္ဂိုလ်များကိုသာလျှင် ကျောင်းထိုင်နာယကအဖြစ် ရွေးခြယ်သတ်မှတ်တော် မူပါသည်။ မစိုးရိမ် တိုက်ကြီးများရှိမည်သည့် ရဟန်းတော်များမဆို အဘိဝံသဘွဲ့ရက အလိုအလျောက်(အော်တိုမက်တစ်)ဖြင့် တိုက်တာ အုပ်ချုပ်ရေးအဖွဲ့ နာယကစာချစာရင်းဝင် ကျောင်းထိုင်ကျောင်းပိုင် ပုဂ္ဂိုလ်ဖြစ်ခွင့်ရှိပါသည်။ ထို့ကြောင့်လည်း မစိုးရိမ်တိုက် ကြီးများ၌ အဘိဝံသဘွဲ့ရ စာချအကျော် အပါး(၃၀)ကျော်တို့ဖြင့် ပရိယတ္တိသာသနာကို တည်ငြိမ်ခန့်ညား ယနေ့ထိတိုင် စွမ်းဆောင်နိုင်ကြခြင်း ဖြစ်ပါသည်။
(၃) ဘာသာဋီကာ ကျမ်းပြုအကျော် တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးသည်လည်း စာသင်တိုက်ဖွင့်သည်၊ အောင်မြင်သည်။ ကျမ်းများပြုစုသည်၊ အောင်မြင်သည်။ စာရေးသည်၊ အောင်မြင်သည်။ ဧရာမစာသင်တိုက်ကြီးအဖြစ် အောင်မြင်ခဲ့၍ ဓမ္မကထိကများကဲ့သို့ နည်လှည့်တရားမဟောသော်လည်း ဆရာတော်၏ နံနက်ခင်း သြ၀ါဒများမှာ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များအတွက် ဘ၀တစ်ခုလုံး အကျိုးရှိခဲ့သည့် တရားတော်များအဖြစ် အောင်မြင်ခဲ့ပါသည်။မဟာဂန္ဓာရုံဆရာတော်များ အဆက်ဆက်အုပ်ချုပ် ဆောင်ရွက်လျှက်ရှိပြီး ပရိယတ္တိဝိသာရဒဂုဏ်နှင့်ပြည့်စုံသော ကျမ်းတတ်အကျော်အမော် တပည့် ကြီးငယ်များ များစွာပေါ်ထွန်းခဲ့ပါသည်။ ရဟန်းပုဂ္ဂိုလ်များအတွက် ဘာသာဋီကာ ကျမ်းပေါင်းများစွာကို ပြုစု၍ အောင်မြင်ခဲ့သလို လူပုဂ္ဂိုလ်များအတွက်လည်း ရတနာ့ဂုဏ်ရည်၊ ကိုယ့်ကျင့်အဘိဓမ္မာဘာသာသွေး၊ ဘုရားဥပဒေတော်ကြီး၊ တစ်ဘ၀သံသရာ၊ အနာဂတ်သာသနာ၊ သင်္ဂြိုဟ်ဘာသာဋီကာ စသည့်ကျမ်းများကို ရေးသားပြုစုရာ၌လည်း အောင်မြင်ခဲ့ပါသည်။နေတတ် ထိုင်တတ် သာသနာပြုတတ်အောင် နိုင်ငံတကာက လေးစားအားကျလောက်အောင် ကျောင်းတိုက်ကြီးကို ခေတ်မီခမ်းနားစွာ တည်ထောင်ခဲ့ပါသည်။ ထူးချွန်ထက်မြက်သော တပည့်ကြီးများနှင့် မဟာဂန္ဓာရုံတိုက်ခွဲများမှာ ရာဂဏန်းမက ထောင်ဂဏန်းမျှထိ ရှိပါသည်။ ထိုအထဲတွင် ကမ္ဘာအေး မဟာဂန္ဓာရုံတိပိဋကဓရ ဆရာတော် ဦးသုမင်္ဂလာလင်္ကာရလည်း တစ်ပါးအပါအ၀င် ဖြစ်ပါသည်။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး၏ သာသနာပြုနည်း နည်းစနစ်၊ အုပ်ချုပ်ဖွဲ့စည်းသည့်ပုံစံ၊ ပြုစုသည့် ကျမ်းများနှင့် ရေးသားသည့် စာပေများကြောင့် နှစ်ဆယ်ရာစု မြန်မာ့အထူးချွန်ဆုံး ဂန္ထ၀င်စာရင်းဝင် စာရေးဆရာအဖြစ် မော်ကွန်းအတင် ခံရပါသည်။ ကိုယ်ကျင့်အဘိဓမ္မာ၊ ရတနာ့ဂုဏ်ရည်၊ သင်္ဂြိုဟ်ဘာသာဋီကာတို့မှာ လူပုဂ္ဂိုလ် ပညာရှိများ အနှစ်သက်ဆုံး ကျမ်းစာအုပ်များဖြစ်ပါသည်။ ယခု ချိန်ထိလည်း အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေနေရသည့် ခေတ်အဆက်ဆက် ပညာရှိများ လက်ခံနေမည့် စာအုပ်များ ဖြစ်ပါသည်။
(၄) မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးသည်လည်း ဘက်စုံ ထူးချွန်သည့်ဆရာတော်၊ စွယ်စုံရဆရာတော် ဖြစ်ပါသည်။ မင်းကွန်း မိုးမိတ်ကုန်းမြေ တိပိဋကလောင်းလျာများ မွေးထုတ်သည့် တိပိဋက စာသင်တိုက် ကြီးနှင့် ရန်ကုန် စကားဝါတိပိဋက စာသင်တိုက်ကြီးများကို တည်ထောင်ခဲ့ပါသည်။ ဆရာတော်ဘုရားကြီး မရှိတော့သည့် ယနေ့ထိတိုင် ပိဋကတ်အာဇာနည်းများ ပေါ်ထွန်းလျှက်ရှိပါသည်။ ဆဋ္ဌတိပိဋကဆရာတော် ဘဒ္ဒန္တ၀ါယာမိန္ဒမှ အစ ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ၊ ဘဒ္ဒန္တ၀ံသပါလာလင်္ကာရစသည်ဖြင့် ပိဋကသုံးပုံ အာဂုံဆောင် ဆရာတော်များ၊ ရေးဖြေအောင် ဆရာတော်များ ပေါ်ထွန်းလျှက်ရှိပါသည်။ထို့ပြင် မင်းကွန်းဆရာတော်ကြီးသည် ရန်ကုန်မန္တလေး ပရိယတ္တိတက္ကသိုလ် ကြီးများအတွက် တစ်နိုင်ငံလုံး လိုက်လံအလှူခံပေးရင်း တရားဟော သာသနာပြုခဲ့ပါသည်။ ဆရာတော်ကြီး၏ တိပိဋက ဟောစဉ်တရားများမှာ ပါဠိ+အနက်+မြန်မာလို ဖွင့်ဆိုချက်များဖြင့် အဆင့်အတန်းမြင့်လှပါသည်။ ယခုထိတိုင် ရဟန်းပညာရှိ လူပညာရှိများ လက်ကိုင်ထားရ ကိုးကားနေရသည့် ခိုင်ခန့်သော ကျမ်းကြီးများ သဖွယ်ဖြစ်ပါသည်။ ဆဋ္ဌသင်္ဂါယနာ အထိမ်းအမှတ်အဖြစ် ထုတ်ဝေရန် သာသနာ့ဥသျှောင် ဆရာတော်ကြီး၏ တောင်းပန်တိုက်တွန်းမှုအရ ရေးသားပြုစုသော မဟာဗုဒ္ဓ၀င် ၆-တွဲ ၈-အုပ်။ ကျမ်းကြီးများမှာ သာမန်ပုဂ္ဂိုလ်များ တော်တန်ရုံ ကျမ်းဂန်နှံ့စပ်သူးများ၏ ပညာအရည် အချင်းဇွဲလုံ့လ ၀ီရိယဖြင့် မရေးသားနိုင်သည့် ကျမ်းကြီးများဖြစ်ပါသည်။ ရဟန်းပညာရှိ လူပညာရှိများ လက်ကိုင်သုံးစွဲ၍ အားကိုးအားထားပြုရသည့် ဂန္ထ၀င်မြောက် ခိုင်မာသော ကျမ်းကြီးများဖြစ်ပါသည်။ လယ်တီဆရာတော်ကြီး ကဲ့သို့ပင် တေးထပ် ကဗျာများ ရေးစပ်ရာမှာလည်း ကျွမ်းကျင် ပြောင်မြောက်လှပါသည်။ ဆရာတော်ကြီး ငယ်စဉ်မှစ၍ စပ်ဆိုရေးသားခဲ့သော တိပိဋက ကာဗျမာလာ လင်္ကာစာအုပ်ကြီးမှာလည်း ၀ါသနာရှင်များ အားထားရသည့် စာအုပ်ကြီးဖြစ်ပါသည်။ တိုင်းနှင့် ပြည်နယ် ဒေသကြီးများရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းများ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ တိပိဋက ကျောင်းတော်ကြီးများ သည် ဆရာတော်ကြီး၏ ကျေးဇူးတရားများဖြစ်ပါသည်။
(၅) တောင်စွန်း ဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ကြီးဆိုလျှင် စာသင်တိုက်ဖွင့်ပြီး စာချသည်။ နှစ်စဉ်နီးပါး ထိုစာသင်တိုက်မှ အကျော်အမော်များ ထွက်သည်။ အောင်ချက်ကောင်းသည်၊ ရိပ်သာဖွင့်၍ တရားပြသည်။ နှစ်စဉ်ယောဂီဦးရေ လျော့သည်မရှိ တိုးမြဲတိုးသည်။ စာရေးကျမ်းပြုသည်။ ဆရာတော်ပြုစုသော တရားစာအုပ်များမှာ ပရိယတ်ကျမ်းဂန်နှံ့စပ်သော စာချအကျော် ဆရာတော်များကတောင် ချီးကျူးအံ့သြရသည်။ တရားဟောသည်။ အနယ်နယ် အရပ်ရပ်မှ တရားပွဲများကို အချိန်အခါပေးတိုင်း ကြွရောက်ချီးမြှင့်သည်။ တရားနာ ပရိသတ်များမှာ ကိုယ်တွေ့တရားများ၊ သာမန်လူတို့ လက်လှမ်း မမီနိုင်သော သိမ်မွေ့ခက်ခဲနက်နဲသော တရားတော်များကို နာရ၍ ပင့်ရကျိုးနပ်သည်။ ဤသို့လျှင် တောင်စွန်းဓမ္မဒူတ အရှင်ပညာဇောတ ဆရာတော်ကြီးသည် စာချ၊ စာရေး၊ တရားဟော၊ တရားပြရင်းဖြင့် သာသနာပြုတော်မူရာ ဘက်စုံအောင်မြင်သည့် ဆရာတော်ကြီး ဖြစ်ခဲ့ပေသည်။ ဘက်စုံ ထူးချွန်သည့် တပည့်များကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပေသည်။ ဓမ္မဒူတ အရှင်ဆေကိန္ဒ၊ ဓမ္မဒူတ အရှင်ပညိဿရ၊ ဓမ္မဒူတ အရှင်ပညာသာရတို့မှာ ဆရာတော်နည်းတူ ဘက်စုံထူးချွန်သည့် သာသနာပြု သူရဲကောင်း ရဟန်းတော်များဖြစ်ပါသည်။
(၆) ကျွန်ုပ်သည် မြန်မာပြည်ရှိ ထင်ရှားကျော်ကြားသည့် ဆရာတော်ကြီးများကို သရုပ်ခွဲကြည့်မိပါသည်။သံဃာထု၏ လေးစားကြည်ညိုမှု ခံယူရသော ဆရာတော်ကြီးများ၊ လူထု၏ လေးစားကြည်ညိုမှုကို ခံယူရသော ဆရာတော်ကြီးများ၊ သံဃာထုရော လူထုပါမကျန် ရဟန်းရှင်လူ ပုဂ္ဂိုလ်အားလုံး၏ လေးစားကြည်ညိုမှုကို ခံယူရသော ဆရာတော်ကြီးများ ဟူ၍ သုံးမျိုးသုံးစားတွေ့ရပါသည်။ စာချသက်သက်ဖြင့် ပရိယတ္တိသာသနာ ပြုတော်မူခဲ့သော ဆရာတော်ကြီးများမှာ သံဃာထု၏ လေးစား ကြည်ညိုမှုကို ခံယူခဲ့ရပါသည်။လူထုအတွက် တရားဟော တရားပြ သက်သက်ဖြင့် ပဋိပတ္တိသာသနာပြုတော် မူခဲ့သော ဆရာတော်ကြီးများမှာ လူထု၏ လေးစားကြည်ညိုမှုကို ခံယူခဲ့ရပါသည်။ သံဃာထုရော လူထုအတွက်ပါ သာသနာပြုတော်မူခဲ့သော ဆရာတော်ကြီးများမှာ ရဟန်းရှင်လူ ပြည်သူအားလုံး၏ တမ်းတမ်းတတ လွမ်းတသသဖြင့် ပါးစပ်ဖျားမှ မချနိုင်လောက်အောင်၊ နှလုံးသည်းဆိုင်တွင် ခိုင်ခိုင်မာမာ စွဲမြဲနေလောက်အောင် ယုံကြည်လေးစား အားထားကိုးကွယ်မှုကို ခံယူခဲ့ရပါသည်။ ဥပမာ= လယ်တီဆရာတော်၊ မင်းကွန်းတိပိဋကဆရာတော်၊ တောင်မြို့မဟာဂန္ဓာရုံဆရာတော်၊ ဓမ္မဒူတ အရှင်ပညာဇောတဆရာတော်တို့ဖြစ်ပါသည်။ မြတ်ဘုရား၏ သာသနာသည် သံဃာများ စံစားရန်အတွက်သာ မဟုတ်ပါ။ လူပုဂ္ဂိုလ်များ အတွက်လည်း ဖြစ်ပါသည်။ လူပုဂ္ဂိုလ်များအတွက်သာ မဟုတ်ပါ။ သံဃာများအတွက်လည်း ဖြစ်ပါသည်။ လူသားတိုင်း သက်ရှိသတ္တ၀ါတိုင်း ခံစားနိုင်ခွင့် ရှိသည့် သာသနာဖြစ်ပါသည်။မွေးကင်းစ ကလေးငယ်များမှ စ၍ သေမင်း၏ ခံတွင်းဝရှိ လူကြီးများအထိ ခံစားပိုင်ခွင့် ရှိပါသည်။ ထို့ကြောင့် အရည်အချင်းရှိသော စွမ်းနိုင်သော ပိဋကတ်အကျော် အမော် ဆရာတော်များသည် သံဃာထုအတွက်ရော လူထုအတွက်ပါ အလုပ်လုပ်သင့်လှပါသည်။သာသနာပြု ရဟန်းတော်များ မွေးထုတ်ပေးဖို့လိုသလို လူသားတိုင်း အသိအလိမ္မာရှိအောင် ဘ၀နေနည်း ထိုင်နည်း သိအောင် နေတတ် ထိုင်တတ် သွားတတ် လာတတ် ပြုမူဆောင်ရွက်တတ် ပြောဆိုဆက်ဆံတတ် နှလုံးသွင်းတတ် အနေတတ် အသေမြတ်အောင် သာသနာပြုဖို့လည်း လိုအပ်လှပါသည်။ ယနေ့ သံဃာအများစုသည် ဒကာပေါများရန် အတွက် ဒကာရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်၍ သာသနာပြုနေ ကြပါသည်။ စင်စစ် ဆရာ ဒကာတော်စပ်မှုမှာ ခိုင်မြဲသော သဒ္ဓါတရားမရှိလှပါ။ အပေါ်ယံ တော်စပ်မှု သဒ္ဓါအတုသာဖြစ်ပါသည်။ “ဒကာက လှူမည် ဆရာက ယူမည်” ဆိုသည့် အတိုင်းအတာသည် သဒ္ဓါတရားပေါ်မှာ အခြေခံနေပါသည်။ ထိုအခါ ဆရာက ဒကာမှာ အမြင်မတော်တာ ရှိလျှင်ပင် မဆုံးမရဲ မပြောရဲတော့ပါ။ ဆုံးမပဲ့ပြင်လိုက်လျှင် ဒကာဘက်မှ သဒ္ဓါတရားပျက်သွားမှာ စိုးရိမ်လာပါသည်။ ထို့ကြောင့် ဒကာများကို အလိုလိုက်ရင်း ဆရာရော ဒကာပါ တဖြည်းဖြည်းဖြင့် ပျက်စီးလာတတ်ပါသည်။ ဒကာဘက်မှ ကြည့်လျှင်လည်း ဆရာကို ကြည်ညိုလျှင် လှူမည်။ အကြည်ညိုပျက်လျှင် လှူမည်မဟုတ်တော့ပါ။ အကြောင်းမှာ ဆရာ ဒကာတော်စပ်မှု သဒ္ဓါတရားဖြင့် တည်ဆောက်ထားသောကြောင့် ဖြစ်ပါသည်။
ယနေ့ သံဃာအများစုသည် တပည့်ပေါများရန်အတွက် တပည့်ပျိုးထောင်ရေး လုပ်ငန်းများကို မသိကျိုးကျွံပြုလျှက် ရှိပါသည်။ ဆရာ တပည့်တော်စပ်မှုသည် မေတ္တာ စေတနာ ကရုဏာ မုဒိတာ သြဇာတို့ဖြင့် တည်ဆောက်ထားသောကြောင့် ခိုင်မြဲပါသည်။ ဆူပူကြိမ်းမောင်းရုံဖြင့်လည်း အကြည်ညိုမပျက်ပါ၊ ရိုက်နှက်ဆုံးမလျှင်လည်း အကြည်ညို မပျက်ပါ၊ တကယ့် သဒ္ဓါတရား အစစ်ဖြစ်ပါသည်။ အပေါ်ယံ ကြည်ညိုမှု မဟုတ်ပါ။ အတွင်းကျကျ ထဲထဲဝင်ဝင် ချစ်ကြောက် ရိုသေမှုဖြစ်ပါသည်။ ထို့ကြောင့် သိက္ခာရှိရှိ ဘုန်းကံကြီးလို လာဘ်များလိုသော သံဃာများသည် တပည့်များ ပြုစုပျိုးထောင်သင့်လှပါသည်။ ဆရာဒကာ ဆက်ဆံရေးနှင့် ဆရာတပည့်ဆက်ဆံရေး ကွာဟမှုကို ဥပမာပြုပါဦးမည်။ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးသည် အနေအထိုင် ကောင်း၏။ ဆက်ဆံရေးတော်၏။ ကြည်ညိုဖွယ်ဆောင်၏။ ထို့ကြောင့် ရပ်ရွာက လေးစားကြည်ညို၏။ ထောက်ပံ့ လှူဒါန်းကြ၏။ တစ်နေ့တွင် ကျောင်းဒကာ မိသားစုက ဆွမ်းချိုင့်လာယူရာတွင် ဆရာဘုန်းကြီး ညစာစားနေသည်ကို တွေ့သွားကြ၏။ ကျောင်းဒကာများ အကြည်ညိုပျက်ကာ တစ်သက်လုံး ဆွမ်းမပို့တော့ပါ။ ဆရာဒကာတော်စပ်မှုမှာ ဒကာ့အပေါ်တွင် ဆရာက မှီနေရသဖြင့် အချိန်မရွေး အကြည်ညို ပျက်နိုင်ပါသည်။ အချိန်မရွေး ဆက်ဆံရေး ပြိုကွဲနိုင်ပါသည်။ ထို့ကြောင့်ပင် ကျောင်းဆောက်ပြီးကာမှ ရေစက်မချနိုင်တော့ဘဲ ပစ်ထားခံရသည့် ဘုန်းကြီးများ ကျောင်းဆောက်ပြီးကာမှ ပန္နက်အုတ်မြစ်ပါမကျန် ပြန်ဖျက် ယူသွားကြသည့် ဒကာများဖြင့် ဆရာဒကာ ပြိုကွဲမှုများ တွေးမြင်နေရခြင်း ဖြစ်ပါသည်။ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးသည် အနေအထိုင်ကောင်း၏။ သာသနာအတွက် အလုပ်လုပ်၏။ ရပ်ရွာကျိုး ဆောင်ရွက်၏။ သို့သော် ထိုဘုန်းကြီးမှာ လူမှုဆက်ဆံရေး မတတ်ပါ။ အပေါက်ဆိုးလှပါ၏။ထိုသို့ အပြောဆိုးသော်လည်း သဘောရိုးကို သိနေကြ၍ တပည့်များက လေးစားရိုသေကြပါသည်။
တစ်နေ့ ထိုဘုန်းကြီး ညစာ စားနေစဉ် တပည့် ကျောင်းဒကာ မိသားစုများနှင့် ပက်ပင်းတွေ့ပါသည်။ထိုအခါ ကျောင်းဒကာနှင့် ကျောင်းအမက ကလေးများကို ပထုတ်ကာ ဘုန်းကြီးစားပြီးသည်များကို ဆေးကြောသန့်ရှင်း ပေးခဲ့ပါသည်။ နောင်အခါများတွင် ဆရာဘုန်းကြီး ဗိုက်ဆာလျှင် အလွယ်တကူ စားနိုင်သည့် အစာ အာဟာရများ၊ ဆရာဘုန်းကြီး ကြိုက်တတ်သော အစာအာဟာရများ ပို့လှူထားပါတော့သည်။ဆရာ တပည့် တော်စပ်မှုသည် ခိုင်မြဲသော သဒ္ဓါတရားဖြင့် ချီနှောင်ထားခြင်း ဖြစ်ကြောင်း သက်သေဖြစ်ပါသည်။ မေတ္တာ ကရုဏာ မုဒိတာတို့ဖြင့် အပြန် အလှန် လေးစားကြည်ညို ချစ်ခင်နေကြ၍ ဆရာဘုန်းကြီး မှားကွက်များကို အပစ်မမြင်ပါ။ သြော် . . . သူလဲ ဆာရှာပေမည်ကိုး ဆိုသည့် ကိုယ်ချင်းစာတရား ကိန်းဝပ်နေပါသည်။ ဆရာတော်ကြီး တစ်ပါးသည် ငယ်စဉ်အခါ တပည့်ကျောင်းသားများကို စာပေသင်ကြား ပို့ချပေးတော်မူခဲ့ပြီး ထိုဆရာတော် သက်တော်ကြီးရင့်လာသည့်အခါ ထိုဆရာတော်၏ တပည့်တစ်ယောက်သည် အစိုးအရ အဖွဲ့တွင် ထိပ်တန်း အရာရှိကြီးတစ်ယောက် ဖြစ်နေသည်ကို တွေ့ရလေ၏။ ထိုအရာရှိကြီးက မိမိဆရာကို ကျေးဇူးဆပ်လို၍ ဆရာအကြောင်း စုံးစမ်းသည့် အခါ ထိုဆရာတော်ကြီးမှာ ရဟန်းသိက္ခာ ပျက်စီနေပေပြီ။ ရပ်သိရွာသိ အကုန်လုံး သိနေကြပါသည်။ သို့တိုင် ထိုတပည့်ကြီးမှာ အကြည်ညို မပျက်ပါ။
ကျောင်းဆောက်လှူသည်၊ ကားဝယ်လှူသည်၊ ကျန်းမာရေးအတွက် စောင့်ရှောက် ခဲ့ပါသည်။ ဆရာတပည့် တော်စပ်မှုသည် ဘယ်သူဖျက်ဖျက် မပျက်နိုင်သည့် သဒ္ဓါတရားအပေါ် မူတည်နေသည်ကို ဆရာတော်ကြီးက သက်သေ ပြသွားခြင်းဖြစ်ပါ၏။ ထို့ကြောင့် အနာဂတ် သာသနာ့တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ညီငယ် သံဃာများကို မှာကြားလိုသည်မှာ အတိမ်းအစောင်း မခံသည့် ဒကာ/မ ရှာဖွေရေး လုပ်ငန်းများဖြင့် သာသနာပြုခြင်းကို ရှောင်ကြဉ်ပြီး ခိုင်မြဲသော သဒ္ဓါတရားဖြင့် သာသနာကို တကယ်ကြည်ညိုမည့် အစစ်အမှန် သဒ္ဓါတရားများ တိုးပွားအောင် တပည့်များကို ပြုစုပျိုးထောင်ပေးဖို့ ဖြစ်ပါသည်။ အကျိုးအမြတ် ကြီးသလို အရင်းအနှီးလည်း ကြီးမားပါသည်။ ရယူလိုလျှင် ပေးဆပ်ရမည် ဖြစ်ပါသည်။ကိုယ်ကျင့် သိက္ခာမြင့်မားရမည်၊ စိတ်ရင်းကောင်းရမည်၊ သဘောထားကြီးရမည်။ စေတနာကောင်းဖြင့် အလုပ်များများ လုပ်ရမည်။ဤသည်မှာ ဆရာဘက်မှ ပေးဆပ်ရမည့် အရင်းအနှီးများ ဖြစ်ပါ၏။ ထိုအရင်းအနှီးများမှ ဘုန်းကံကြီးခြင်း လာဘ်များခြင်း၊ ထင်ပေါ်ကျော်ကြားခြင်း၊ သြဇာကြီးခြင်း၊ ပါရမီပြည့်၍ နိဗ္ဗာန်ရောက်သည့် တိုင်အောင် ကောင်းကျိုး ခံစားရခြင်းစသည့် အသီးအပွင့် အကျိုး အမြတ်များ ဖြစ်ထွန်းလာမည် ဖြစ်ပါ၏။ရှေးဆရားတော်ကြီးများသည် ဤနည်းဖြင့် သြဇာတည်ဆောက်ခဲ့ပါ၏။ သာသနာပြုတော်မူခဲ့ပါ၏။

အပင်မပျိုးဘဲ အညွန့်မချိုးကြပါ၊ ရေတွင်းမတူးဘဲ ရေကြည် မသောက်ခဲ့ကြပါ၊ မရင်းနှီးဘဲ မသီးမပွင့် ချင်ကြပါ၊ ဤသည်ကို ညီနောင်အများ သတိထားဘို့ လိုပါ၏။မိမိသည် သာသနာဥသျှောင် မထေရ်ကြီးများကို အကဲခတ်လေ့လာကြည့်ဖူးပါ၏။ ဂဏာဓိပတိ ဆရာတော်ကြီးတစ်ပါးက ပြောသည်မှာ “ငါတို့ ဂိုဏ်းက ဒကာဦးရေသာ များတာ၊ သံဃာ ဦးရေအနည်းသား” ဟု ဖြစ်၏။ တစ်ခြား ဂိုဏ်းမှ သံဃာ့ဥသျှောင် ဆရာတော်ကြီး တစ်ပါးကလည်း “ငါတို့ ဂိုဏ်းက သံဃာသာ များကျတာ၊ ဒကာကျတော့ သူတို့ကို မမီဘူးဗျ”ဟု သြ၀ါဒ ပေးသည်ကို တွေ့ရပါသည်။ လူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွင်ရင်း သာသနာပြုလျှင် လူထုမေတ္တာခံစားရမှာ ဖြစ်ပြီး။ သံဃာအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရင်း သာသနာပြုလျှင် သံဃာထု၏ မေတ္တာကို ခံစားရမည် ဖြစ်ပါသည်။
လူထုရော သံဃာထုပါမကျန် သာသနာတော် တစ်ရပ်လုံး အတွက် အလုပ်လုပ်ပါမူ လူထုမေတ္တာရော သံဃာထု၏ မေတ္တာပါ ခံယူရမှာ ဖြစ်ပါသည်။မည်သည့်ဂိုဏ်းပင် ဖြစ်စေကာမူ အလုပ်မလုပ်လျှင် မကြီးပွားနိုင်ပါ၊ မြတ်စွာဘုရားသည် သံဃာထုရော လူထုအတွက်ပါမကျန် အလုပ်လုပ်ခဲ့သည်။ သာသနာပြုခဲ့သည်။ အပင်ပန်းခံ၊ အဆင်းရဲခံ၊ အနစ်နာခံခဲ့သည်ကို မမေ့ကြဘို့ လိုပါ၏။
အနှစ်ချုပ်ဆိုရလျှင် သူတစ်ပါးအပြစ်ကို မမေးဘဲ ပြောလေ့ရှိသူမေးလျှင်တော့ အတောမသတ် တရစပ် ပြောတတ်သူမိမိအပြစ်ကို မေးသော်လည်း ဖုံးဖိထားသူမမေးဘဲနေသော် မိမိအပြစ်ကို လုံးဝဖုံးထားတတ်သူ.သည် သူတော်ကောင်းမဟုတ် သူတော်ကောင်း စိတ်ဓာတ်ရှိသူမဟုတ်ဟု ဘုရားရှင် မိန့်တော်မူသည့်အတွက် ငါလုပ်သင့်တာလုပ်မိရဲ့လား၊ မလုပ်သင့်တာတွေလုပ်မိနေလားလို့ မိမိကိုယ်ကို ဆင်ခြင်ရင်း သူတော်ကောင်းနှလုံးသားဖြင့် ဘုရားသာသနာကို တတ်နိုင်သမျှ ဥာဏ်မှီသမျှ စောင့်ရှောက်ကြပါစို့။ မြတ်စွာဘုရားရှင်၏ တရားတော်ဒေသနာတော်တို့သည် ကျယ်ဝန်းနက်ရှိုင်းလှစွာ၏။ ၊
စာဖတ်သူများအားလုံး စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ သတ္တိရှိရှိဖြင့် ကမ္ဘာကိုဗုဒ္ဓရှင်တော်၏ သစ္စာ တရားများဖြင့် ငြိမ်းချမ်း အေးမြစေသူများ၊ သာသနာပြုကောင်းများဖြစ်လာပါစေ ဟု ဆုမွန်ချွေလျက် ဆောင်းပါး ကို အဆုံးသတ်လိုက်ပါသည်။
“နာတိမညေထ ကတ္ထစိ နကိဉ္စိ= ဘယ်အရပ်မှာ မဆို ဘယ်လို ပုဂ္ဂိုလ်တစ်စုံ တစ်ယောက်ကိုမျှ မထီမဲ့မြင်
မပြုပါစေလင့်”
(“အရှင်သုနန္ဒာလင်္ကာရM.A(ပန်းကမ္ဘာ) ”၏သီလဂုဏ်,သမာဓိဂုဏ်,ပညာဂုဏ်,တို့ကိုပူဇော်ကြည်ညို
အားဖြင့်ဆရာတော်ရေးသားသည့်တရားတော်တစ်ပုဒ်ကို,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

............ လောကကို နွေးထွေးစေတဲ့ လက်အစုံများ .....

Posted by drmyochit Saturday, November 09, 2013, under | No comments





မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသော ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရား တည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်-ဟု အချို့ ပြောဆိုထားကြပါတယ်။


အချို့ အလျင်စလို ဝေဖန်တတ်သူများကတော့ “ဗုဒ္ဓ၀ါဒဟာ မိန်းမသားများအား ရန်လိုသောဝါဒ ဖြစ်တယ်” လို့ ပြောဆိုမှုများ ရှိခဲ့ဘူးတယ်။ အိန္ဒိယစာရေးဆရာ Hemacandra က အမျိုးသမီးများကို အထင်သေးစွာ “The torch lighting the way to hell, Narakamærgadværasya døpikæ” ဟု ရေးသားခဲ့ပြန်တယ်။ 


ဒါနဲ့စပ်ဆပ်လို့ မဃဒေ၀ လင်္ကာမှာဖော်ပြထားတဲ့ အမျိုးသမီးများ ဆိုင်ရာလေးတွေကို အနည်းငယ်မျှ ဖော်ပြလိုပါတယ်။
(၁) ဌာနာဌာန၊ ညဏ်ချင့်ဆလော့၊ ကိစ္စနှစ်ပါး၊ အရာအားဖြင့်၊ ယောကျာင်္းမပြီး၊ မိန်းမပြီး၏။
(၂) လူတွင် ရှုပ်ထွေး၊ ကိုယ်ရေးပြည့်မှု၊ စုံတစ်ခုလည်း၊ ဗိုလ်ထုအများ၊ လက်ရုံးအားဖြင့်၊ ယောင်္ကျားဆောင်သီး၊ မပြီးကိစ္စ၊ တစ်ယောက်မျှပင်၊ မိန်းမရွက်ဆောင်၊ အောင်သည်တစ်မျိုး။ (၃) အမရာဒေ၀ီ၊ ဘေရီဓမ္မ၊ ဒိန္နာစသည်၊ အပ္ပကဟူ၊ နည်းငယ်မူကား၊ လူဝယ်ထိုသို့၊ မိန်းမတို့လည်း၊ မချို့ပညာ၊ ယှိတတ်စွာ၏။
(၄) ညဏ်လစ် ယောင်္ကျား၊ ယှိခဲ့ငြားသော်၊ ယောင်္ကျားတို့ထက်၊ ရုတ်တရက်ညဏ်၊ ပဋိဘာန်ဖြင့်၊ လျင်မြန်မချွတ်၊ ကြံစည် တတ်၏။
(၅) ကိစ္စတသီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ်ကြားလျက်၊ ထင်ရှားမိန့် မှာ၊ ဥဒါန်းလာ၏။
မဃဒေ၀လင်္ကာသစ် ကျမ်းပြုဆရာတော်ဘုရားကြီး အသျှင်ဇ၀န၏ ပုံတော်( စာအုပ်ပါပုံကို ဓာတ်ပုံရိုက်ထားပါသည် ) 


ဒီတော့ စာပေများမှာ အမျိုးသမီးများနဲ့ ပတ်သက်လို့ အဆိုးအကောင်း ဝေဖန်သုံးသပ်ထားကြတာ အမျိုးမျိုးပါ။ ကျမ်းဂန်များမှာတော့ မိန်းမသားများကို ဖော်ညွှန်းရာမှာ“မာတုဂါမ”ဖြစ်ပါတယ်။ ဒါက ပါဠိဝေါဟာရပါ။ ဒီဝေါ ဟာရအဓိပ္ပါယ်က “မိခင်မျိုးနွယ်” ဒါမှမဟုတ် “ မိခင်အဖွဲ့အစည်း” လို့ ဆိုလိုပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒမှာ မိန်းမသားတစ်ယောက်ဟာ မိခင်တစ်ယောက်အဖြစ် ဂုဏ်သိက္ခာရှိတဲ့နေရာကို ရရှိထားပါတယ်။ မိခင် တစ်ယောက်ကို နိဗ္ဗာန်သို့ တက်ရောက်ဖို့ ဒါမှမဟုတ် မြင့်မြတ်တဲ့နေရာကို တက်လှမ်းဖို့ သင့်လျော်တဲ့ လှေကား တစ်ခုအဖြစ် သတ်မှတ်ထားတာပါ။ ဇနီးမယားကိုလည်း လင်ယောင်္ကျားရဲ့အကောင်းဆုံးမိတ်ဆွေ ( ပရမာသခါ ) တစ်ဦးအဖြစ် ယူဆထားတာပါမြင့်မြတ်တဲ့အမျိုးသမီးများရဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဘိက္ခုနီသာသနာကို တည်ထောင် ခွင့်ပြုခြင်းဟာ မဟာပဇာပတိ ဂေါတမီ၏ စွမ်းဆောင်မှုကြောင့်လို့ ဆိုရပါမယ်။ ဒီအဖွဲ့အစည်းကို ဖွဲ့စည်း တည်ထောင် ခွင့်ရခြင်းဟာ အမျိုးသမီး တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် ဆိုယင်လည်း မှားမယ် မဟုတ်ဘူး။ မြတ်ဗုဒ္ဓဟာ အမျိုးသမီးများကို နှိမ့်ချမထားဘဲ သဘာဝရဲ့ အာနွဲ့သူများအဖြစ် အသိအမှတ်ပြုထား သလို အမျိုးသားနဲ့အမျို့သမီးတို့ရဲ့ အတွင်း ဓာတ်ခံသဘော မွေးရာပါ ကောင်းတဲ့စိတ် ကိုလည်း ကောင်းစွာ သိတော်မူ ပါတယ်။ တကယ်တော့ လိင်ပိုင်းဆိုင် ရာကွဲပြားမှုဟာ လွတ်မြောက်မှု အတွက် တားမြစ်ချက် မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓရဲ့ဒေသနာတော်များကို ကြည့်ရှု့ လေ့လာမယ် ဆိုလျင် အမျိုးသမီးများကို သင့်တော် တဲ့နေရာ ပေးထားတာ တွေ့မြင်နိုင်ပါတယ်။

အရှင် သာရိပုတ္တရာနဲ့အရှင်မောဂ္ဂလာန်တို့ကို ဘိက္ခုသံဃာရဲ့အကြီးအကဲအမြတ်ဆုံးသာဝကများအဖြစ် သတ် မှတ်ခန့်အပ်ထားသလို ဘိက္ခုနီသံဃာမှာလည်း ရှင်မခေမာနှင့် ရှင်မဥပ္ပလ၀ဏ် ထေရီနှစ်ပါးတို့ကို အကြီးမြတ် ဆုံး ဘိက္ခုနီသာဝကများအဖြစ် သတ်မှတ်ခန့်အပ်ထားခဲ့တယ်။ ဘိက္ခုနီသံဃာ့အဖွဲ့အစည်းနဲ့ ဥပါသိကာ သာဝိ ကာမများမှာ မိဖုရားများ၊ မင်းသမီးများ၊ မြင့်မြတ်တဲ့အမျိုးသမီးများ၊ မုဆိုးမများ၊ သောကရောက်နေတဲ့ အမေများ၊ အကူအညီကင်းမဲ့နေတဲ့ အမျိုးသမီးများ၊ အဆုံးစွန်အားဖြင့် ပြည်တန်ဆာမများထိပါ အဆင့်အတန်း အမျိုးမျိုးမှ သာသနာ့ဘောင်ကို ၀င်ရောက်လာကြတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။ အဲဒီအထဲကမှ ပဋာစာရီ၊ ဓမ္မဒိန္နာ၊ ဘဒ္ဒါကာပိလာနိ၊ ၀ိသာခါ၊ သုပ္ပိယ၊ နကုလမာတာ၊ သာမာဝတီ၊ မလ္လိကာ၊ ခုဇ္ဇုတ္တရာ၊ သီရိမာ၊ အမ္ဗပါလီ၊ သုမနနဲ့ သုဘဒ္ဒါ စသူတို့ ဟာ ထင်ရှားသူများ ဖြစ်ပါတယ်။
ကျမ်းဂန်များမှာတော့ ရဟန်းတော်ပေါင်း ၂၆၄-ပါးကို အကြောင်းပြုထားတဲ့ ထေရဂါထာပေါင်း ၁၂၈၈-ခုရှိတာကို တွေ့ရပြီး ထေရီပေါင်း ၇၃-ပါးကို အကြောင်းပြုထားတဲ့ ထေရီဂါထာပေါင်း က ၅၃၄-ခု ရှိတာကို သိရှိရပါတယ်။ 

ကြီးကျယ်ကောင်းမွန်တဲ့ မိန်းမသားမရှိလျင် ဗုဒ္ဓ၀ါဒဆိုင်ရာဘာသာတရား မရှိနိုင်ပါဘူး။ မြတ်ဗုဒ္ဓရဲ့မယ်တော် ဖြစ် တဲ့ မိဖုရား မဟာမာယာဒေ၀ီဟာ သူမရဲ့သားဘုရားလောင်းတော်အတွက် သူမဘ၀ကို ပေးအပ်ခဲ့ရတယ်။ သူမ ဟာ မင်းသားငယ်ကို မွေးဖွါးပြီးတဲ့နောက် ရက်အနည်းငယ်မှာပဲ သူမဘ၀ကို အပြီးအပိုင် စွန့်လွှတ်ခဲ့ရတယ်။ ဒါပေမယ့် အခြားကောင်းမွန်မြင့်မြတ်တဲ့ မိန်းမသားတစ်ဦးဖြစ်သူ သူ့ရဲ့အဒေါ် မဟာပဇာပတိဂေါတမီက အမေ တစ်ယောက်ရဲ့နေရာကို ၀င်ယူပြီး နုးညံ့စွာ ဂရုတစိုက်ချစ်ခြင်းဖြင့် သူ့ကို မွေးမြူခဲ့ရပြန်တယ်။ ဒါ့ကြောင့် မြင့်မြတ် ကောင်းမွန်တဲ့ မိန်းမသားများသာမရှိလျင် မြတ်ဗုဒ္ဓဟာ လူသားတစ်ယောက်အဖြစ် ရှင်သန်ရပ်တည်ဖို့နဲ့ မြတ်ဗုဒ္ဓ (သဗ္ဗညုတညဏ်ရှင်)အဖြစ် ပေါ်ပေါက်လာဖို့မှာ ဘယ်သောအခါမှ ဖြစ်လာမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်း လင်းလင်းတွေ့မြင်ရမှာပါ။ ဒါကပဲ သဘာဝတရားက ဖန်တီးပေးလိုက်တာပဲပေါ့။ 

ဒါနဲ့စပ်ဆပ်လို့ မိခင်ရင်းနဲ့ မွေးစားမိခင်တို့ကို ဥပမာတင်စားထားတဲ့ စာလေးကို သတိရမိတယ်။ အဲဒါကတော့ မိခင်ရင်းဟာ သူ့အမြစ်ကပေါက်လာတဲ့ သစ်ပင်ကို ရှင်သန်ဖွံ့ဖြိုးလာအောင် အာဟာရဖြစ်စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေပန်းနဲ့တူပါတယ်။ မွေးစားမိခင်ကတော့ ဟို--အမြင့်တိမ်တိုက်ထဲအရောက် ထိုးတက် သွား ပြီး အဝေးကြီးရောက်သည့်အထိ ခရီးဆန့်၊ ကန္တာရထဲက အထီးကျန်သစ်ပင်လေး ဖွံ့ဖြိုးစေဖို့ အာဟာရဖြစ် စေတဲ့ အစားအစာတွေ တိုက်ကျွေးပေးတဲ့ ရေပန်းနဲ့တူတယ်-တဲ့။
(A mother is likened unto a mountain spring that nourishes the tree at its root, but one who mothers another’s child is likened unto a water that rises into a cloud and goes a long distance to nourish a lone-tree in the desert.) 

“ကောင်းမွန်မြင့်မြတ်သော အမေများမရှိလျင် ထိုနိုင်ငံ(ထိုအမျိုး)သည် ကြီးကျယ်သောနိုင်ငံ (ကြီးကျယ်သော အမျိုး)ဖြစ်မလာနိုင်ဘူး” ဆိုတဲ့အရာဟာ မှန်ကန်ဆဲပါ။ ပုံမှန်အားဖြင့်တော့ အလုပ်သို့သွားရခြင်း၊ သူ၏မိသားစု အတွက် စားစရာနဲ့ အခြားလိုအပ်ချက်များ ထောက်ပံ့ရခြင်းဟာ ဖခင်ရဲ့တာဝန်ဖြစ်တယ်ဆိုတာ အားလုံး လက်ခံ ထားကြပါတယ်။ ဒါပေမယ့် ကလေးကို ဂရုတစိုက်စောင့်ရှောက်ဖို့နဲ့ သူတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်း ရခြင်းတို့ကတော့ မိခင်များသာ ဖြစ်ပါတယ်။ မိခင်များကပဲ သူတို့ရဲ့မိခင်ဘာသာစကားကို ပြောဆိုဖို့ သူတို့ရဲ့ ကလေးငယ်များကို သင်ကြားပေးရတာပါ။ ဒီတော့ လူသားတိုင်းဟာ အမေ့လျှာ-ကြောင့် ပြောဆိုကြတယ်လို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုယင် ကလေးငယ်ရဲ့ ပထမဆုံးဖြစ်တဲ့ စကားဟာ မိခင်ဖြစ်သူထံမှ သင်ယူရ ရှိခဲ့လို့ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း မိမိလူမျိုးရဲ့ပင်ရင်းစကားကို မိခင်ဘာသာစကားလို့ ပြောဆိုကြခြင်း ဖြစ်ပါလိမ့်မယ်။ 

လူသားလောကကြီးမှာ ကြီးကျယ်တဲ့အောင်မြင်မှုကို ပြုလုပ်နိုင်သူ၊ မြင့်မားတဲ့ရိုသေလေးစားမှုကို ရရှိသူ အချို့ မိန်းမယောကျာင်္းများကို ဘယ်အချိန်မှာပဲကြည့်ကြည့် သူတို့ရဲ့မိခင်ဖြစ်သူဟာ အဲဒီအောင်မြင်မှုတွေအတွက် ယုံကြည်မှုအချို့ကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ လူသားတိုင်းဟာ ကလေးဘ၀က ရရှိခဲ့တဲ့ အယူအဆအတွေး အခေါ်များဟာ ဘ၀တစ်လျောက်လုံး သူတို့နဲ့အတူတကွပါသွားတာမျိုးပါ။ ဒါကို စိတ်ပညာရှင်များက ပြောပြခြင်း ဖြစ်ပါတယ်။ မိခင်များထံမှ ကောင်းမွန်မြင့်မြတ်တဲ့ ညွန်ကြားချက်များ ရရှိလျင်၊ အမှားအမှန်ကြားမှာ ခြားနားမှုကို ပြောကြားလျင်၊ မိသားစုများ၊ သူငယ်ချင်းများ၊ ကလေးငယ်ကိုယ်တိုင်အတွက် တာဝန်များကို ပြောကြားလျင် လူသားတိုင်း ဘ၀ရဲ့ဆုံးရှုံးမှုများကို ပြုလုပ်ခဲ့ကြမှာ မဟုတ်ဘူး တဲ့။ 

ကမ္ဘာလောကကြီးရဲ့အစိတ်အပိုင်းတော်တော်များမှား ဆိုးသွမ်းတဲ့သူငယ်များက ဖြစ်ပေါ်စေတဲ့ ဆင်းရဲ့ဒုက္ခများ စွာကို ကြားနေကြရတာပါ။ တိုင်းပြည်များစွာမှာ ငယ်ရွယ်နုပျိုတဲ့ လူငယ်များ ဆိုးသွမ်းရခြင်းအကြောင်းမှာ -
ဒီငယ်ရွယ်တဲ့လူငယ်များဟာ သူတို့ရဲ့မိဘများထံမှ သင့်လျော်တဲ့ ညွန်ကြားချက်ကို မရရှိခဲ့ဘူး-ဆိုတဲ့ အချက် ကြောင့် ဖြစ်တယ်လို့ တရားသူကြီးများနှင့်ရဲအရာရှိကြီးများက ပြောဆိုသုံးသပ်ကြပါတယ်။ ဒါ့ကြောင့် အချို့သူ များက “ဆိုးသွမ်းတဲ့ကလေးတွေ-လို့ ပြောဆိုဖို့ မသင့်ဘူး၊ ဆိုးသွမ်းတဲ့မိဘများ-လို့ ပြောဆိုသင့်တယ်”လို့ ယူဆ လာကြခြင်း ဖြစ်ပါတယ်။ ဒါဟာ ကိစ္စအားလုံးမဟုတ်လျင်တောင် အချို့ကိစ္စများမှာ မှန်ကန်နေပါတယ်။ 

ငယ်ရွယ်နုပျိုမှုကြောင့်ဖြစ်တဲ့ ကြမ်းတမ်းဆိုးရွားမှုများစွာမှာ ဆိုးသွမ်းတဲ့မိဘများက အမှားအယွင်းအားလုံးကို ဖြစ်စေခဲ့တာတော့ မဟုတ်ပါ။ ဒါပေမယ့် ကလေးဟာ မိဘမဲ့ကလေးဖြစ်တယ်ဆိုတဲ့အချက်နဲ့ ကောင်းတဲ့လမ်း ညွန်မှုကို ရရှိဖို့ အမေအဖေမရှိ ဆိုတဲ့ အချက်က မှားယွင်းစေခြင်း ဖြစ်ပါတယ်။ အားလုံးသော လူသားသတ္တ၀ါ များကို ညီအကိုမောင်နှမများအဖြစ် သတ်မှတ်ရမယ်ဆိုတာကို ဗုဒ္ဓဘာသာဆိုင်ရာက ပြောပြထားပါတယ်။ ဒါ့ကြောင့် မိဘမဲ့ကလေးများကို သူတို့ရဲ့ကိုယ်ကျင့်တရားဆိုင်ရာအတွက် ကောင်းတဲ့သတင်း အချက်အလက် များ၊ ကောင်းတဲ့အကူအညီဖြစ်စေမယ့် လမ်းညွန်ချက်များကို ပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ 

မျက်မှောက်ကမ္ဘာမှာ စစ်ပွဲနှင့်ပတ်သက်တဲ့ အဆက်မပြတ်ဖြစ်နေတဲ့ ကြောက်လန့်မှုများရှိနေတယ်ဆိုတာ အား လုံး သိရှိကြပြီး ဖြစ်ပါတယ်။ ကမ္ဘာလောကကြီးရဲ့ များစွာသောအစိတ်အပိုင်းများမှာ ဘာသာတရားကို မေ့လျော့ နေခဲ့ခြင်းကပဲ ဒီအခြေအနေအတွက် တစ်ခုသောအကြောင်းဖြစ်နိုင်ပါတယ်။ အမေများဟာ ဘာသာတရားမှာ တွေ့ရှိရတဲ့ ကြီးကျယ်မြင့်မြတ်တဲ့အမှန်တရားများကို သူတို့၏ကလေးများသို့ သင်ကြားမပေးတဲ့အခါ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအဖြစ် မျော်လင့်ရန် ခက်ခဲပါလိမ့်မယ်။ 

လူသားအားလုံးနဲ့ပတ်သက်တဲ့ အကောင်းဆုံးဘာသာတရားရှိတယ်ဆိုတာကို ဗုဒ္ဓ၀ါဒီများက ယုံကြည်ကြပြီးသား ပါ။ ဒါ့ကြောင့် ဗုဒ္ဓ၀ါဒယုံကြည်မှုကို ရိုသေဖို့ ကလေးကိုစောင့်ရှောက်မွေးမြူတဲ့အိမ်၊ သန်မာတဲ့ကိုယ်ကျင့်တရား ရှိပုံပေါ်တဲ့ ကလေးရှိတဲ့အိမ်၊ ဘ၀နေထိုင်မှုပုံစံ အောင်မြင်မှုရရှိတဲ့အိမ်များဟာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်အဖြစ် တွေ့မြင်နေရတာပါ။ 

ယောကျာ်းများဟာ အလုပ်ကိစ္စများ၊ ငွေရအောင်ပြုလုပ်ခြင်း၊ ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်ခြင်း၊ စစ်ပွဲကို ဖန်တီး ခြင်း၊ စစ်ပွဲပြီးတဲ့နောက် တစ်ဖန်ကမ္ဘာကြီးကို ဖြောင့်မတ်အောင် ကြိုးစားခြင်းဖြင့် ပုံမှန်အားဖြင့် ဦးဆောင်မှုကို ယူလေ့ရှိတယ်ဆိုတာကို ဘယ်အချိန်မဆို ကမ္ဘာကြီးမှာ ဒီအတိုင်းတွေ့နေရတာပါ။

ဒါပေမယ့် မိန်းမသားအုပ်စု တစ်စုက စစ်ပွဲတစ်ပွဲကို စတင်ဖန်တီးခဲ့တယ်ဆိုတာကိုတော့ သံသယရှိစရာကောင်းတဲ့ ဝေါဟာရတစ်ခုပါ။ တကယ်တော့ ယောင်္ကျားသားတိုင်းဟာ မိခင်ဖြစ်သူက ချမှတ်ပေးထားတဲ့ ဥပမာများကို သတိရသင့်ပြီး ဖျက်ဆီး ကြမယ့်အစား ငြိမ်းချမ်းမှုအတွက် ကြိုးစားသင့်ကြတယ်။ 
ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်းကို ကူညီသူ၊ လှုမှုရေးနဲ့ပတ်သက်တဲ့ တိုးတက်မှုများကို ပြုလုပ်စေသူ၊ လူသားမျိုးနွယ်ကို စောင့်ရှောက်တဲ့သူ၊ နုးညံ့ပြီးကူညီမှုကို ပေးတဲ့သူများဟာ မိန်းမသားများသာ ဖြစ်ပါတယ်။ ဆေးရုံအတွက်၊ မိဘမဲ့ကလေးများဂေဟာအတွက်၊ ဒါမှမဟုတ် မျက်မမြင် နားမကြားဂေဟာများအတွက် လိုအပ်တဲ့ မည်သည့်အချိန်ဖြစ်ဖြစ် ပုံမှန်အားဖြင့် အဲဒီအရာကို ဖြည့်ဆည်းပေးနေသူများမှာ လိုအပ်ချက်များကို ဂရုစိုက်ရတဲ့ လူ့အဖွဲ့အစည်းဖြစ်တဲ့ မိန်းမသားများသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် “မိန်းမသားများအားလုံး ဗုဒ္ဓ၀ါဒီလူ့အဖွဲ့အစည်းအသင်းအပင်းမှ ရုတ်တရက် ထွက်ခွါသွားကြလျင် ခိုင်မာသောဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်း ကျန်ရစ်လိမ့်မည် မဟုတ်။ မိန်းမသားများသည် ဘာသာတရားတည်းဟူသော ခန္ဓာကိုယ်အတွက် နှလုံးသားကို ထည့်ပေးထားကြသူများ ဖြစ်သည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အသက်ကြီးသူများနှင့်ဆင်းရဲသူများအတွက် လိုအပ်ချက်များ၊ ဘုရားကျောင်းကန်များအတွက် အသုံးအဆောင် များ အဲဒီအရာများအတွက် ထောက်ပံ့မှုအားလုံးဟာ မိန်းမသားများရဲ့ လုံးလစွမ်းပကားကြောင့် ဖြစ်တယ်ဆိုယင် လွန်လွန်းရာကျမယ့် အဆိုမဟုတ်ပါဘူး။ ဒါ့ကြောင့် “မိန်းမသားများသာ မရှိလျှင် အားလုံးသောဒါနသည် အဆုံးတစ်ခုသို့ လားရောက်လုနီးပါး ဖြစ်လိမ့်မည်”ဟု ပြောဆိုကြခြင်း ဖြစ်ပါတယ်။ 

တိုင်းပြည်အသီးသီးမှာ ကလေးများနှင့်တိရိစ္ဆာန်များကို ကြမ်းတမ်းစွာပြုမူခြင်းမှ တားမြစ်ရန် ဥပဒေများကို ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက် မိန်းမသားများဟာ အချို့သောဥပဒေများကို ချမှတ်ရန် လုပ်ဆောင်ခဲ့တာပါ။ ကမ္ဘာပေါ်ရှိ တိုင်းပြည်အများစုမှာ ဆရာများဟာ မိန်းမသားများ ဖြစ်ပါတယ်။ ကလေးများရဲ့ ကောင်းမွန်မှန်ကန် တဲ့ ကိုယ်ကျင့်တရားဆိုင်ရာကို ပုံစံသွင်းရာမှာ အမေဖြစ်သူများကို ကူညီဖို့ဟာ သူတို့ရဲ့ တာဝန်အဖြစ် ခံယူထားကြတာပါ။ 

ကြက်ခြေနီအလုပ်ဆိုတာ သိတဲ့အတိုင်း ဘေးဒုက္ခရှိတဲ့ နေရာတော်တော်များများမှာ ဘယ်အချိန်ဖြစ်ဖြစ် ပြုလုပ် ရပါတယ်။
ဒီမြင့်မြတ်တဲ့ အဖွဲ့အစည်းတွေဟာ မြင့်မြတ်တဲ့ မိန်းမတစ်ယောက်စီ၏ တာဝန်သိစိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အလုပ်ရဲ့အကျိုးဆက် များ အသီးသီး ဖြစ်ပါတယ်။
သူတို့ထဲက ပထမတယောက်က Florence Nightingle ပါ။ ကင်ဆာခံစားနေရတဲ့ လူနာထောင်ပေါင်း များစွာဟာ ဓာတ်ရောင်ခြည်ကုသမှုနဲ့ အချို့သောသက်သာမှုကို ရရှိခဲ့ပါတယ်။
အဲဒီရေဒီယမ်ကို ရှာဖွေသူ ကတော့ မိန်းမသားတစ်ယောက်ဖြစ်တဲ့ Madame Curie ဖြစ်ပါတယ်။
လူသားကျွန် ဘ၀စနစ်ကို ဖြတ်သိမ်းနိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့သူများထဲမှာ မိန်းမသားတစ်ယောက် ပါဝင်ပါတယ်။ သူကတော့ Harrief Beechar Stow ဖြစ်ပါတယ်။ အိုမဲအိမ်မဲ့ ဖြစ်နေသူကလေးများကို ပြုစုစောင့်လျှောက်သူ မိန်းမသားတစ်ဦး ရှိပါတယ်။
သူက တော့ Mother teresa ဖြစ်ပါတယ်။ အခြားသော တိုင်းနိုင်ငံအသီးသီးမှာလည်း သူ့အစွမ်းနဲ့သူ ရှိနေကြတဲ့ မိန်းမသားများ များစွာရှိနေတာပါ။ 

ဒီတော့ ဘယ်ရှုထောင့်က ကြည့်ကြည့် အကြောင်းတခုကတော့ ကမ္ဘာလောကမှာ မိန်းမသားများရဲ့ လွှမ်းမိုး မှုဟာ များစွာအရေးကြီးတဲ့ လွှမ်းမိုးမှုဖြစ်တယ်ဆိုတာကို ကောက်ချက်ချဖို့ ခွန်အားဖြစ်စေခဲ့တယ် ဆိုတာ သမိုင်းဆိုင်ရာ အချက်အလက်တွေက ပြောပြပေးနေပါတယ်။ အချုပ်အားဖြင့်တော့ ယနေ့ ဆိုးသွမ်း ပေတေ ရမ်းကားနေတဲ့ လူငယ်တွေ တော်တော်များများဟာ မိဘ သို့မဟုတ် မိခင်ရဲ့ ရင်ခွင် ကနေ ကင်းကွာပြီး ဆိုဆုံးမမှု့ မေတ္တာကို မရရှိ မခံစားခဲ့ရတဲ့အတွက်ဆိုတာ သေချာပါတယ်။ 

“ လူတွင် ရှုပ်ထွေး၊ ကိုယ်ရေးပြည့်မှု၊ စုံတစ်ခုလည်း၊ ဗိုလ်ထုအများ၊ လက်ရုံးအားဖြင့်၊ ယောင်္ကျားဆောင်သီး၊ မပြီးကိစ္စ၊ တစ်ယောက်မျှပင်၊ မိန်းမရွက်ဆောင်၊ အောင်သည်တစ်မျိုး။ ”
“ ကိစ္စတသီး၊ အရေးကြီး၍၊ မပြီးနိုင်က၊ ကြံမရသော်၊ မိန်းမကိုသာ၊ တိုင်ပင်ရာဟု၊ ပညာယှိများ၊ အစဉ်ကြားလျက်၊ ထင်ရှားမိန့် မှာ၊ ဥဒါန်လာ၏ ” 

စသည်ဖြင့် မိခင် မိန်းမသားများ၏ ပညာရှိပုံ အထင်မသေးသင့်ပုံ၊ ကိစ္စကြီးငယ် ကြုံလာခဲ့သော် မဖြေရှင်းနိုင်က ဖြတ်ထိုးဥာဏ် ပင်ကိုယ်ဥာဏ် ကောင်းမွန်သော မိန်းမသားများကို တိုင်ပင်သင့်ပုံတွေကို မန်လည်ဆရာတော်ဘုရားကြီးက ဘုရားဟော ကျမ်းဂန်တွေကို ထောက်ဆကာ မဃဒေ၀ လင်္ကာသစ်မှာ မှတ်တမ်းတင်တော်မူထားခဲ့ဖူးတယ်။
ကိုယ်မွေးထားတဲ့ သား သမီးကို စွန့်ပစ်တဲ့ မိခင် ဆိုတာ အယောက်တစ်ရာမှာ တစ်ယောက်မရှိနိုင်ပါဘူး၊ မိခင်ဆိုတာ နွေးထွေးတဲ့ မေတ္တာတွေကို ပေးနေတဲ့ ကိုယ့်ဘ၀တလျောက်လုံးကို ပြောင်းလဲပေးနိုင်တဲ့ လက်တစ်စုံပဲ ဖြစ်တယ် ဆိုတာ ယုံကြည် လက်ခံလျင်တော့ အဲဒီနွေးထွေးတဲ့ လက်တစ်စုံကို မပစ်ပယ်ကြပဲ နွေးထွေးစွာ ကြိုဆိုကြပါစို့လို့ တိုက်တွန်းစကား ဆိုပါရစေ။ 

မိခင်ရဲ့ မေတ္တာကို ရရှိပြီး ပညာဖြင့် လောက ကို အလှဆင်နိုင်ကြပါစေ -- 

အရှင်သုနန္ဒာလင်္ကာရ

ရွှေ အစစ်ဖြင့်လုပ်သော iPad နောက်ဆုံးထွက်များ မှာယူနိုင်

Posted by drmyochit Saturday, November 09, 2013, under | No comments

Apple က ရွှေအစစ်နဲ့ လုပ်တဲ့ iPad Air နဲ့ Mini 2 ထွက်မယ်လို့ သတင်း ကြီးပြီးခါမှ ရွှေဗားရှင်း ပါမလာခဲ့ပါဘူး။ 

ဒီတော့ ရွှေအစစ်နဲ့ လုပ်တဲ့ iPad Air နဲ့ iPad Mini Retina ဗားရှင်း ကို ဗြိတိန် အခြေဆိုက် Goldgenie က ဖန်တီးပေးလိုက် ပါတယ်။ 24ct အရည်အသွေးရှိတဲ့ ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Wi-Fi + 4G Sim Free ဗားရှင်း ဖြစ်ပါတယ်။ 

iPad Air - 16 GB ဗားရှင်းအတွက် ဗြိတိန်ပေါင် 1386 , 128 GB GB ဗားရှင်း အတွက် ဗြိတိန်ပေါင် 1825 ဆိုပြီး ဈေးနှုန်း သတ်မှတ် ထားပါတယ်။ 

iPad mini with Retina Display ကိုတော့ 16 GB ဗားရှင်း အတွက် ဗြိတိန်ပေါင် 1377, 128 ဗားရှင်းအတွက် ဗြိတိန်ပေါင် 1777 အစရှိသဖြင့် ဈေးနှုန်း သတ်မှတ် ထားပါတယ်။ 
ရွှေဗားရှင်းရယ်လို့ မဟုတ်ပဲ၊ ပလက်တီနမ်နဲ့ပါ မှာယူသူရှိရင် ပြုလုပ် ဖန်တီးပေးကြောင်း ဆိုပါတယ်။ အော်ဒါမှာယူလိုသူများ www.goldgenie.com မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။ 

အောင်ခမ်း ( ရိုးရာလေး )

မိဘကောင်း

Posted by drmyochit Saturday, November 09, 2013, under | No comments

Wai Lu Ashin

သီပေါမင်းနှင့် စုဖုရားလတ်တို့ ၀တ်ဆင်ခဲ့သည့် ၀တ်ရုံတော်များအား ထိန်းသိမ်းရန် ဂျပန်ပညာရှင် ရောက်ရှိ

Posted by drmyochit Saturday, November 09, 2013, under | No comments


သီပေါမင်းနှင့် စုဖုရားလတ်တို့ ၀တ်ဆင်ခဲ့သည့် ဒုရင်တော်နှင့် မဟာလတ္တာ ၀တ်ရုံတော်များအား အဆင့်မြင့် နည်းပညာဖြင့် ထိန်းသိမ်းရန်အတွက် ဂျပန်နိုင်ငံ ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ ထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သည့် Mr.Mitsuei Horisawa (Japan International Co-orporation Agency) က နိုဝင်ဘာ ၇ ရက်တွင် အမျိုးသားပြတိုက် ရန်ကုန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရ၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းကအကြီးတန်း လုပ်အားပေး အနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ သက်တမ်း ၁၀၀ ကျော် ရှိနေပြီဖြစ်သည့် သီပေါမင်း ၀တ်ဆင်ခဲ့သည့် ဒုရင်တော်နှင့် စုဖုရားလတ် ၀တ်ဆင်ခဲ့သည့် မဟာလတ္တာ ၀တ်ရုံတော်ကို နည်းပညာဖြင့် ထိန်းသိမ်းဆောင်ရွက်မှု ပြုလုပ်ရန် အမျိုးသား ပြတိုက်(ရန်ကုန်) တွင် ခြောက်လကြာ အချိန်ယူ ပြုပြင်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။
ပြုပြင်ထိန်းသိမ်းရန်အတွက် နည်းပညာကို ဂျပန်နိုင်ငံမှ အဆိုပါ ပညာရှင်နှင့် အမျိုးသားပြတိုက်တို့မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''နည်းပညာနဲ့ ထိန်းသိမ်းတာက အချိန်ယူရတာ ဖြစ်တဲ့အတွက် ခြောက်လလောက်တော့ အချိန်ယူရမှာ ဖြစ်ပါတယ်။ ၀တ်ရုံတော်ကို ရက်လုပ်ထားတဲ့ ပစ္စည်းတွေက အရမ်းအနုစိတ်တဲ့ အတွက် အချိန်ကာလရယ်၊ ဘယ်လောက်ကုန်ကျမယ် ဆိုတာက အတိအကျ မသိသေးပါဘူး။ ပညာရှင်ကလည်း အခုမှ ရောက်တာဆိုတော့ သူကိုယ်တိုင်လည်း အခုမှ လေ့လာဆဲပါ'' ဟု အမျိုးသားပြတိုက် (ရန်ကုန်)မှ ညွှန်ကြားရေးမှုး ဦးငွေထွန်းမြင့်က ပြောကြားခဲ့သည်။

ယင်းဝတ်ရုံတော်များတွင် အော်ဂဲနစ် ပစ္စည်းများ၊ အင်အော်ဂဲနစ် ပစ္စည်းများ ရောနှောနေသည့် အတွက် ထိန်းသိမ်းရာတွင် လက်ဝင်ကာ ခက်ခဲမည် ဖြစ်ကြောင်းကို ဒေါ်နုမြဇံ (အမျိုးသားပြတိုက် ဒုတိယ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား) က ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ ပညာရှင် အနေဖြင့် နည်းပညာဖြင့် ထိန်းသိမ်းစောင့်ရှောက် နေစဉ်အတွင်း အမျိုးသား ပြတိုက်ရှိ ၀န်ထမ်းများကိုလည်း ပညာသင်ယူ နိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။

(နည်းပြညာဖြင့် ပြုပြင်ထိန်းသိမ်းမည့် ၀တ်ရုံတော်များအား တွေ့ရစဉ် (ဓာတ်ပုံ-အမျိုးသားပြတိုက်))

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သစ်ပင်လူသားကို နှစ်သိမ့်ပွေ့ဖက်

Posted by drmyochit Saturday, November 09, 2013, under | No comments


နိုဝင်ဘာ ၆ရက်က ဗာတီကန်မြို့ စိန့်ပီတာရင်ပြင်တွင် လူပေါင်း ၅၀၀၀၀ ကျော်တက်ရောက်သည့် ဆုတောင်းဝတ်ပြုသည့် အခန်းအနား အပြီးတွင် ပုပ်ရဟန်မင်းကြီးက သစ်ပင်လူသားကို ပွေ့ဖက်ကာ ကောင်းချီးပေးခဲ့သလို၊ သစ်ပင်လူသား ကလည်း ပုပ်ရဟန်းမင်းကြီး၏ ရင်ခွင်ထဲတွင် ခေါင်းဝှက်ကာ မေတ္တာဓာတ်ခံယူခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက သစ်ပင်လူသားခံစားနေရသော neurofilbromatosis ဝေဒနာမှ သက်သာရန် ဆုမွန်ကောင်း ချွေခဲ့သည်။ 

သစ်ပင်လူသားသည် မျိုးရိုးဗီဇမူမမှန်မှုကြောင့် တစ်ကိုယ်လုံးတွင် အကြိတ်အဖုများ ထွက်ကာ နာကျင်ခံစားနေရသည်။ 

ယင်းဝေဒနာကြောင့် အမြင်၊အကြား ဆိုင်ရာထိခိုက်မှုများ စတင်ဖြစ်ပွားပြီး နှလုံးနှင့် သွေးကြောများ၏ လုပ်ငန်းစဉ်ရှုတ်ထွေးမှုများလည်း ကြုံတွေ့နေရသည်။ 

ယင်းသို့ဖြစ်ရခြင်းမှာ အကြိတ်များက အာရုံ ကြောများကို လာပိစေခြင်းကြောင့် ဖြစ်သည်ဟု ဆရာဝန်များက ဆိုသည်။

Ref: CNN
The Myanma Age

ကူညီရိုင်းပင်းမှုဆိုတာ

Posted by drmyochit Saturday, November 09, 2013, under | No comments


ကိုယ်မတတ်သာတဲ့အခြေအနေမှာတောင်
တတ်နိုင်သလောက်လေး လုပ်ပေးချင်တဲ့ ချစ်စရာကောင်းတဲ့
မွန်မြတ်သောစိတ်စေတနာလေးပဲဖြစ်ပါတယ်။

ဒါပေမဲ့ လူတိုင်းမှာရှိဖို့ခက်တယ်

စနေဖြိုး

ထမင်းစားပြီးရှောင်ကြဉ်ရန်အချက်များ

Posted by drmyochit Saturday, November 09, 2013, under | No comments




မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမ်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်များကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမင်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန် အခက်ခဲဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်ကျွနိုပ်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။
credit>>နတ် စင် ကရင်

ကိုယ့်ထက် အသက်ကြီးတဲ့ မိန်းမကို ယူလျှင်

Posted by drmyochit Saturday, November 09, 2013, under | No comments


မး။ ။ကျွန်တော့် အသက်က (၂၇) နှစ်ပါ။ ကောင်မလေးက ကျွန်တော့်ထက် (၂) နှစ်ခွဲလောက် ကြီးပါတယ်။ သူက ပြောပါတယ်။ ယောက်ျားက အသက်ငယ်နေလို့ရှိရင် ဥာဏ်ရည် မမှီတဲ့ ကလေးတွေ မွေး တတ်တယ်လို့ ပြောပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဘယ်အသက် အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလား။ ကျွန်တော်တို့က နောက်တစ်နှစ်ခွဲ လောက်နေမှ လက်ထပ် မှာပါ။

ဖ။လုံးဝ မစိုးရိမ်ပါနဲ့။ အသက်ကြီး မိဘ ဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့ အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ အသက်ကြီး ယောက်ျားဆိုတာ မိန်းမထက် ကြီးတဲ့သူကို ဆိုလိုတာ မဟုတ်ပါ။

မွးရာပါ ချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင် နဲ့ မျိုးဗီဇ ကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ Antibiotics ပဋိဇီဝဆေးသုံးတာ၊ ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေး၊ ကိုယ်ဝန်ဆောင် နေတုံး တချို့ရောဂါပိုးဝင်တာ၊ အာဟာရ ချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ Petroleum ဓါတ်ဆီ အဆိပ် သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘ အသက်ကြီးလို့ကြောင့်ဆိုတာ မပါတာ တွေ့ရပါလိမ့်မယ်။ 


ဒါတောင် ၆ဝ% လောက်က ဘာလို့ ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ် လက်ခံတဲ့ အချက်အတိုင်း ဆိုရင် ကံတရားအရ ဖြစ်တာပေါ့။

ခုခေတ်မှာ အသက် ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။ အမေရိကန်တွေ ဘယ်လိုရှိ တယ်ဆိုတာလဲ အောက်မှာ ဆက်ရေးပါမယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့် အလမ်းမရှိတာ တွေ့ရတယ်။ 

အရင်ကတော့ အသက်ကြီး ကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေ အများကြီး မွေးထားပြီးတဲ့ သူကို ပြောကြ ပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများ သေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတ ရော အာဟာရပါ ပိုပြည့်ဝ ကြံ့ခိုင်နေတာ များလာတယ်။ အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေ မရှိဘို့သာ အရေးကြီးတာပါ။ 

တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင် တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening မိခင်သွေးစစ်တာနဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorinic villas sampling ဒါမှမဟုတ် Amniocentesis ရေမြွာရည်စစ်နည်းတွေ ပြောတာပါ။ သူများနိုင်ငံ တွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။ 

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် Stillbirth ကလေး အသေမွေးနှုံး များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြား ကိုယ်ဝန်တွေထက် ANC မမွေးမီ စောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေက လွဲရင် ကလေးတွေ အားလုံး ကျန်းမာကြပါတယ်။ 

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ Epidural ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ Oxytocin ညှစ်အား ကောင်းဆေး သွင်းမွေးခြင်း၊ Forceps delivery ညှပ်ဆွဲ မွေးပေးခြင်း၊ LSCS ဗိုက်ခွဲမွေး ပေးခြင်းတွေ ပြောတာပါ။ အမှန်က ဆရာဝန်တွေက Risk ဖြစ်လာနိုင်ခြေ-အန္တရာယ် ရှောင်ချင်ကြ တာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်-ဆရာမတွေပါ Stress စိတ်ဖိအား မများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။ 

Demography of American Motherhood အမေရိကန် မိခင်တွေ ပုံစံပြောင်းလာနေ

အသက်အရွယ် ရနေတဲ့ မိခင်တွေကနေ Autism မွေးရာပါရောဂါနဲ့ ကလေးမွေးလာဘို့ အခွင့်အလမ်း သူတို့ထက်ငယ်တဲ့ မိခင်တွေထက် ပိုများတယ်။ အသက်အရွယ်ကြီးတဲ့ ဖခင်နဲ့ အသက် ၃ဝ အောက်အရွယ် ဇနီးသည်တွေကနေလဲ အဲလို ဖြစ်နိုင်ခြေ များတယ်လို့ Journal Autism Research မှာရေးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ၁၉၉ဝ နောက်ပိုင်း မွေးဖွါးစာရင်း ၅ သန်းကိုလေ့လာပြီးမှ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ရောဂါနဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ရှိတယ်။ 

ဒိအရင် လေ့လာမှုအရ သိထားခဲ့တာက ဖခင်တွေရဲ့ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေ။ အခုလေ့လာမှုသစ်မှာ ဖခင်ရဲ့ အသက် ၄ဝ ကျော်ပြီး၊ မိခင်က အသက် ၂ဝ အောက်ဆိုရင် မွေးလာတဲ့ ကလေးမှာ Autism ရောဂါ ဖြစ်နိုင်ခြေ များတာ တွေ့ရတယ်။ ငယ်ရွယ်တဲ့ ဖခင်တွေထက် ၅၉% အထိများ တယ်။ Autism ရှိတဲ့ကလေးရဲ့ ဥာဏ်ရည်က တခြားကလေးတွေနဲ့ မတူပါ။

ထူးခြားချက်ကတော့ မိခင်က အသက် ၃ဝ ကျော်နေပြီး၊ ဖခင်က ၄ဝ ကျော်နေရင် ၁၃% ပိုများတယ်။ မိခင်အသက် ၅ နှစ် ပိုကြီးလေလေ ဖြစ်နိုင်ခြေ ၁၈% တိုးလေလေဖြစ်တယ်။ မိခင်အသက် ၄ဝ ကျော်ရင် ၂ဝ ကျော်သူတွေထက် ၅ဝ% ပိုတယ်။ ၂၅ နှစ်အောက်တွေထက် ၇၇% ပိုတယ်။

အရင်အထင်ဖြစ်တဲ့ ဖခင်အသက်ကြီးတာသာမက မိခင်အသက်ကြီးရင်လဲ ပိုတယ်လို့ အသစ်ကနေ သိလာရတယ်။ အစ္စရေး စာရင်းဇယားတွေကို လေ့လာတော့ ဖခင်အသက် ၄ဝ ကျော်ရင် ၃ဝ ကျော်တွေ ထက် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ၅ ဆပိုတာ တွေ့ရတယ်။

၆-၅-၂ဝ၁ဝ နေ့ကထုတ်ပြန်တဲ့ The New Demography of American Motherhood အစီရင်ခံစာဟာ ၁၉၉ဝ ကျော်နဲ့ ၂ဝဝ၈ တုံးက ကလေးမွေးဖွါးသူ မိခင်တွေကို လေ့လာခဲ့တယ်။

• Age အရင်ကထက် အသက်ပိုကြီးလာကြတယ်။ ၁၉၉ဝ တုံးက ဆယ်ကျော်သက်တွေက ၁၃% ကလေး မွေးကြပြီး၊ ၃၅ နှစ်ကျော်သူတွေက ၉% ကလေးမွေးခဲ့ကြတယ်။ ၂ဝဝ၈ ရောက်တော့ ပြောင်းပြန် ဖြစ်လာတယ်။ ဆယ်ကျော်သက်တွေက ၁ဝ% နဲ့ ၃၅ နှစ်ကျော်သူတွေက ၁၄% ကလေးမွေးခဲ့ကြတယ်။

• Marital Status အိမ်ထောင်မပြုသေးဘဲ ကလေးမွေးသူ ၁၉၉ဝ မှာ ၂၈% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၄၁% အထိ ရှိလာတယ်။

• Race and Ethnicity ကလေးမိခင်တွေထဲမှာ အသားဖြူ အမျိုးသမီးတွေက ၁၉၉ဝ တုံးက ၆၅% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၅၃% ကျဆင်းလာတယ်။ 

• Education ကလေးမွေးသူ မိခင်တွေထဲက ၁၉၉ဝ တုံးက ၄၁% သာ ကောလိပ်အထိ ပညာသင်ခဲ့သူတွေ ဖြစ်ပြီး၊ ၂ဝဝ၆ မှာ ၅၄% အထိတက်လာတယ်။ အသက် ၃၅ နှစ်နဲ့ကျော်မှ ကလေးမိခင်ဖြစ်လာသူတွေ ထဲမှာ ကော်လိပ် ကျောင်းသူ ၇၁% ရှိတယ်။ 

• Attitudes about Parenthood ဘာလို့ ကလေးယူလိုက်တာပါလဲလို့ မေးတော့ ၈၇% က ပျော်ရွှင်မှု ရစေလို့ ဆိုပြီး ဖြေတယ်။ ၄၇% ကတော့ ယူချင်တယ်ဆိုတာထက် ရလာတာလို့ဖြေကြတယ်။

• Overview ချုပ်လိုက်ရင် ၁၉၉ဝ နဲ့စာရင် နောက်ပိုင်းမှာ ဆယ်ကျော်သက် ကလေးအမေတွက အသက် ၃၅ နှစ် ရောက်မှ ကလေးယူသူတွေထက် များခဲ့တယ်။ နောက်ပိုင်းမှာ လက်မထပ်ဘဲ ကလေးအမေဖြစ် သူတွေ ပိုများလာတယ်။ အသားမဲတွေမှာ ၇၂% နဲ့ ပိုသိသာတယ်။ ဟစ်ပင်းနစ်တွေက ၅၃%၊ အဖြူ မတွေက ၂၉% နဲ့ အာရှသူတွေက ၁၇% ရှိတယ်။ စုစုပေါင်း ကလေးမွေးကြတာ အဖြူတွေက ၅၃% နဲ့ ဟစ်ပင်းနစ်တွေက ၂၄% ရှိတယ်။ ၂ဝဝ၆ မှာ ၅၄% က ကောလိပ်ပညာ သင်ထားသူတွေဖြစ်တယ်။ ၂၄% က တိုင်းတပါးမှာ မွေးခဲ့ကြတယ်။

By ဒေါက်တာတင့်ဆွေ

ဒီတစ်ညမှာ ... အာရှသာမက ကမ္ဘာကပါ .. မြန်မာဆိုတာကိုသိစေရမယ် ။

Posted by drmyochit Saturday, November 09, 2013, under | 2 comments

ဒီနေ့ ည မြန်မာစံတော်ချိန် ၁၂ နာရီခွဲမှာမြန်မာပြည်က ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ Miss Universe 2013 ပွဲကြီးစတင်တော့မှာဖြစ်ပါတယ် ။

ဘယ်သူတွေ ဘယ်ဆုတွေ၇မလဲ ..
ဘယ်သူတွေ ပြိုင်ပွဲမှာ ပြုတ်ကြမလဲ ..
ဘယ်သူတွေ ပြိုင်ပွဲဝင်နောက်ဆုံးဇကာတင် ၁၆ ယောက်ထဲပါမလဲ
Miss Photogenic ဘယ်သူလဲ ...

မေးခွန်းပေါင်းများစွာ
ခန့်မှန်းမှုပေါင်းများစွာမှာ
ထိပ်တန်းကပါဝင်နေတဲ့ မြန်မာ့မယ်အတွက် ..လူတိုင်းလိုလိုစိတ်လှုပ်ရှားနေကြမှာပါပဲ ။

ကမ္ဘာ့အဆင့် စင်မြင့်ကြီးထက်မှာ

“ MYANMAR !!!!!!!!!!!!!!!!!!!!!!!! ” လို့အော်ဟစ်ခွင့်ရတဲ့အခိုက်
ပြိုင်ပွဲဝင်မိုးစက်ဝိုင်နဲ့အတူ
ကျွန်တော်တို့အားလုံးကြက်သီးတွေ တဖျန်းဖျန်းထတဲ့အထိ
အသွေးထဲအသားထဲကနေ မျက်ရည်တွေဝိုင်းတဲ့အထိ
မြန်မာပြည်ကိုချစ်တဲ့စိတ် ...
ကိုယ့်တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ ထင်ပေါ်လိုတဲ့စိတ်တွေကြောင့်
နေ့မအားညမအား နဲ့ ဒီပွဲကြီးကိုအားပေးခဲ့ကြတယ် ။

ဘယ်လိုပဲတိုက်ခိုက်မှုတွေကြုံရကြုံရ ကျွန်တော်တို့ Target က Miss Myanmar ကိုအားပေးကြဖို့ပါပဲ ။

သူလား .. ဟုတ်ပါတယ် တချို့လူတွေပြောသလို မပြည့်စုံပါဘူး
တချို့လူတွေပြောသလို အလှဆုံးကြီးမဟုတ်ကြပါဘူး
တချို့လူတွေပြောသလို ခန္ဓာကိုယ်ကောက်ကြောင်းတွေက တခြား မျက်နှာဖြူမယ်တွေလို စွဲမက်ဖွယ်ကောင်းချင်မှကောင်းမှာပါ ..

ဒါပေမယ့် ..သူ့ပခုံးထက်က စလွယ် ..
Miss Universe Myanmar လို့စာတမ်းထိုးထားတယ်..
ဖိအားတွေကြားထဲမှာ “ ကျွန်မမြန်မာပြည်အတွက်ကိုယ်စားလာရောက်ယှဉ်ပြိုင်တာပါ .. ဆုများရခဲ့ရင်တစ်ကမ္ဘာလုံးက မြန်မာဆိုတာကိုသိလာကြမယ် အဲဒီအခါ မြန်မာပြည် အတွက် တစ်ခုခု လုပ်ပေးနိုင်ပါပြီ ..” ဆိုတဲ့သူ့ရဲ့စိတ်ထား ...

ဟုတ်ကဲ့ ... ဒီညမှာ ကျွန်တော်တို့အားလုံး ရင်ခုန်စွာ အားပေးလိုက်ကြရအောင်လား ။ အောက်ပါလင့်လေးကိုလည်း မလွတ်တမ်းဆက်လက် ဗုတ်ပေးကြပါဦး ။ နည်းလမ်းများကိုလည်း ပေ့ခ်ျမှာ Pin လုပ်ပေးထားပါတယ် ဖတ်ကြည့်နိုင်ပါတယ် ။


ဒီတော့ ကျွန်တော်တို့အားလုံး မြန်မာတစ်ပြည်လုံးသာမက ကမ္ဘာအရပ်ရပ်ကမြန်မာများလည်း စည်းလုံးညီညွတ်မှုကို ပြသရာရောက်အောင် Miss Universe 2013 ကိုလည်း ကြိုဆိုသောအားဖြင့် ဒီ Cover Photo လေးကို တစ်ရက်တာအဖြစ် ကိုယ့်စာမျက်နှာမှာ ချိတ်ဆွဲထားကြရအောင်လား ။

မြန်မာနိုင်ငံအလံနဲ့ .. မြန်မာ့အလှမယ် မိုးစက်ဝိုင်
ဒီတစ်ညမှာ ...
အာရှသာမက
ကမ္ဘာကပါ ..
မြန်မာဆိုတာကိုသိစေရမယ် ။

သက်တန့်ချို

လုပ်ထားတာ မိုက်တယ် .. အသုံးဝင်တဲ့ နေရာတော့ရှိမှာပဲ

Posted by drmyochit Saturday, November 09, 2013, under | No comments


credit>> မြန်မာ့သားကောင်း

ဟိုင်ယန် မုန်တိုင်း

Posted by drmyochit Saturday, November 09, 2013, under | No comments


ဟိုင်ယန် မုန်တိုင်းရဲ့ လေပြင်းအား တနာရီ ၁၅၅ မိုင်နှုံးလောက်ရှိ
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေသမှာ အားပြင်းပြင်းနဲ့ ဝင်ရောက် မယ်လို့ ခန့်မှန်းထားတဲ့ ဟိုင်ယန် မုန်တိုင်းရဲ့အရှိန်ဟာ လေပြင်း အားတနာရီ ၁၅၅ မိုင်နှုံးလောက်အထိ ရှိနေပြီဖြစ်ပါတယ်။

Kayan Times

လင်မယား နှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် လာရွေးရန် ပြန်ပေးဆွဲမှု တွံတေးမြို့နယ်အတွင်း ဖြစ်ပွား

Posted by drmyochit Saturday, November 09, 2013, under | No comments

ဖြစ်စဉ်မှာ ယင်းနေ့မွန်းလွဲပိုင်းက တွံတေးမြို့နယ် ဘုရားကြီးကျေးရွာတွင် နေထိုင်သည့် ကိုကျော်မင်းဦးနှင့် ဇနီးဖြစ်သူ မမိုးမိုးအေးတို့သည် မယားညီအစ်ကိုဖြစ်သူ၏ ရုံးချိန်းသို့ သွားရောက်ရန်အတွက် ဒလမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာ ကားလမ်းဘေး၊ တံတားကုန်းအဆင်း အရောက်တွင် အမည်မသိ အမျိုးသားသုံးဦးမှ ဆိုင်ကယ်အားတားပြီး ကိုကျော်မင်းဦး၏ မျက်နှာအား ခါးပတ်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ခါးပတ်ဖြင့် ရိုက်သဖြင့် ဆိုင်ကယ်လဲကျသွားစဉ် အဆိုပါ အမျိုးသား သုံးဦးအနက်မှ တစ်ဦးက ဆိုင်ကယ်အား မောင်းယူသွားခဲ့ပြီး ကျန်နှစ်ဦးက ကိုကျော်မင်းဦးနှင့် ဇနီးတို့အား ကြိုးဖြင့်တုပ်နှောင်၍ လမ်းဘေးတွင် ရပ်ထားသည့် ကားပေါ်သို့ ဆွဲတင်ပြီး လှိုင်သာယာမြို့နယ်အ၀င် တိုးဂိတ်လ်နား အရောက်တွင် ၎င်းတို့မျက်လုံးအား တိပ်အ၀ါဖြင့် ပတ်ခဲ့ကြောင်း ရဲစစ်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် အဆိုပါ လူသုံးဦးမှ ကိုကျော်မင်းဦး၏ ခယ်မဖြစ်သူ မမိုးမိုးအောင်ထံသို့ တယ်လီဖုန်းဖြင့်ဆက်ပြီး မမိုးမိုးအေးတို့ လင်မယားအား ဖမ်းထားကြောင်း၊ ၎င်းတို့ကို ည (၁)နာရီတွင် လှိုင်သာယာမြို့နယ်၊ ဘီအိုစီ အ၀ိုင်းသို့ ငွေကျပ် သိန်း ၂၀၀၀ ဖြင့် လာရွေးရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုကျော်မင်းဦး၏ ခယ်မဖြစ်သူ မမိုးမိုးအောင်က ယင်းနေ့ည ၁၁ နာရီ ၅၀ ခန့်တွင် တွံတေးမြို့မ ရဲစခန်းသို့ ဆက်သွယ်အကြောင်း ကြားခဲ့သဖြင့် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့်အတူ ပူးပေါင်းကာ ဘီအိုစီအ၀ိုင်းတွင် သွားရောက် စောင့်ဆိုင်းနေစဉ် အဆိုပါ ပြန်ပေးဆွဲသူများမှ မမိုးမိုးအောင်၏ လက်ကိုင်ဖုန်းသို့ ထပ်မံဆက်သွယ်ခဲ့ကာ လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်သို့ လာရောက်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် မမိုးမိုးအောင်နှင့် ရဲတပ်ဖွဲ့ဝင်များက ရွှေလင်ဗန်း စက်မှုဇုန်သို့ ထပ်မံသွားရောက် စောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် ၂ဃ/၈၁၇၆၊ ဟွန်ဒါဖစ် အမျိုးအစား အပြာရောင်ယာဉ်အား မသင်္ကာသဖြင့် နောက်မှလိုက်လံ အတည်ပြုစဉ် အဆိုပါယာဉ်မှာ မောင်းနှင်ထွက်ပြေး သွားခဲ့ရာ ရွှေပြည်သာတံတား၊ အလယ်ရွာထိပ် အရောက်တွင် အခြားယာဉ် တစ်စီးဖြင့် ယာဉ်တိုက်မှုဖြစ်ကာ ရပ်တန့်သွားစဉ် ယာဉ်မောင်း အမျိုးသားက ကားပေါ်မှ ဓားကိုင်၍ ဆင်းလာပြီး ခုတ်ခဲ့ရာ တွံတေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး သန်းတင့်နှင့်အတူ လိုက်ပါလာသည့် ဒုတပ်ကြပ် သီဟဇော်အား ခုတ်မိခဲ့ပြီး ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်းနှင့် ဒုတပ်ကြပ် သီဟဇော်တွင် ဦးခေါင်းချိုစောင်း ပြတ်ရှ၊ ယာလက်မောင်းပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ရာ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထို့နောက် အဆိုပါ ပြန်ပေးသမားများက နိုဝင်ဘာ ၇ ရက် နံနက် ၄ နာရီခန့်တွင် ကိုကျော်မင်းဦးနှင့် မမိုးမိုးအေးတို့ နှစ်ဦးအား လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် အနီးရှိ ခြုံပုတ်ထဲတွင် ထားခဲ့ကာ မမိုးမိုးအေး ၀တ်ဆင်ထားသည့် အလေးချိန် တစ်ကျပ်သားခန့်ရှိသည့် ဆွဲကြိုးတစ်ကုံး အပါအ၀င် လက်စွပ်၊ နားကပ်တစ်ရံ၊ ဆင်းမ်ကတ်ပါ ဟန်းဆက်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီးအား လုယူသွားခဲ့ကြောင်း သိရသည်။

ထိုအမှုအား ကိုကျော်မင်းဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် တွံတေးမြို့မ ရဲစခန်း မှ(ပ) ၄၀၁/၁၃၊ ပြစ်မှုပုဒ်မ-၃၄၇/၃၉၄ ဖြင့် အမှုဖွင့်ခဲ့ပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။ ထို့ပြင်လှိုင်သာယာ မြို့မရဲစခန်းတွင်လည်း ဒုတပ်ကြပ် သီဟဇော်အား ဒဏ်ရာပြင်းထန်မှုရအောင် ဓားဖြင့်ခုတ်ပြီး ထွက်ပြေးနေသည့် ၂ဃ/၈၁၇၆ ယာဉ်မောင်းအား အရေးယူပေးပါရန် တွံတေးမြို့မ ရဲစခန်းမှူး ဒုရဲမှူးသန်းတင့်က တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် လှိုင်သာယာမြို့မ ရဲစခန်းမှ (ပ) ၁၂၈၈/၁၃ ပြစ်မှုပုဒ်မ-၃၃၃ ဖြင့် အမှုဖွင့်ပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ကို ဖော်ထုတ် အရေးယူရန်အတွက် မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်တို့မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှူး ဒုရဲမှူးသောင်းစိန်က နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

''ပြန်ပေးဆွဲခံရတဲ့ နှစ်ယောက်ကို စစ်ဆေးတဲ့အခါ မမိုးမိုးအောင်က အရင်တုန်းက ပြန်ပေးဆွဲရာမှာ ပါဝင်တယ်လို့ ယူဆရတဲ့ ကထီးဆိုတဲ့သူကို မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ပတ်သက်ပြီး ရဲစခန်းကို တိုင်ကြားမှု ရှိခဲ့ဖူးတယ်။ ဒါကြောင့် မကျေနပ်လို့ သူ့အစ်မနဲ့ ခဲအို ကိုပြန်ပေးဆွဲတယ်လို့ လတ်တလောတော့ အကြမ်းဖျင်း သိထားတယ်။ ပြန်ပေးဆွဲသွားတဲ့ အချိန်ကလည်း အချင်းချင်း စကားပြောနေတဲ့ အထဲမှာ ကထီးဆိုတဲ့သူ နာမည်ကို ကြားရတယ်။ အဲဒီလူကလည်း အရင်က ပြန်ပေးဆွဲခံရတဲ့သူ အိမ်ကိုလာခဲ့ ဖူးတယ်လို့ပြောတယ်'' ဟု ဒုရဲမှူးသောင်းစိန်က ဆိုသည်။

ဆက်၍ ''ပြန်ပေးဆွဲတဲ့အထဲ ပါဝင်တယ်လို့ ယူဆထားရတဲ့ ကထီးဆိုသူက ယာဉ်တိုက်မှု အရင်ဖြစ်ပြီး အဖမ်းမခံဘဲ လက်ဦးမှုရယူပြီးတော့ ဒုတပ်ကြပ် သီဟဇော်ကိုဓားနဲ့ ခုတ်ပြီးတော့ ထွက်ပြေးတယ်။ ကျွန်တော်တို့ လိုက်ဖမ်းတော့သူက ရွှေလင်ဗန်းနားက အလယ်ရွာထဲကို ထွက်ပြေးတယ်။ ရွာလယ်လောက် ရောက်တော့ မျက်ခြည် ပြတ်သွားတယ်။ ညကလည်း မှောင်နေတော့ တောနင်းရှာပေမယ့် မတွေ့ခဲ့ဘူး။ လက်ရှိတော့ ကျူးလွန်သူလို့ ယူဆရတဲ့ ကထီးဆိုသူရဲ့ နာမည်အရင်းနဲ့ လိပ်စာကို အတိအကျရအောင် စုံစမ်းနေပါတယ်'' ဟုဆိုသည်။

အလားတူ တွံတေးမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ''လက်ရှိကျူးလွန် သူတွေကို ဖမ်းဆီးနိုင်ဖို့ ကွင်းဆင်းလှုပ်ရှား နေပါတယ်။ ခုထိတော့ ဖမ်းမမိသေးပါဘူး'' ဟု နိုဝင်ဘာ ၈ ရက်က ပြောကြားခဲ့သည်။

Eleven Media Group

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်