Thursday, July 18, 2013

ခြေလေးဖက်ပါကလေးငယ် ခွဲစိတ်မှုအဆင့်ဆင့် တစ်နှစ်နီးပါး ကြာမြင့်ဖွယ်ရှိ

Posted by drmyochit Thursday, July 18, 2013, under | 1 comment



ရန်ကုန်၊ ဇူလိုင် ၁၇

မြန်မာနိုင်ငံတွင် ပထမဆုံး ခြေလေးဖက်ပါသော လသားအရွယ် မိန်းကလေးငယ်အတွက် ပထမအဆင့် ခွဲစိတ်မှု အောင်မြင်ခဲ့သော်လည်း ထပ်မံပြုလုပ်ရမည့် ခွဲစိတ်ကုသမှု အားလုံး၏ အဆင့်ဆင့် ကြာမြင့်ချိန်သည် တစ်နှစ်နီးပါးအထိ ဖြစ်နိုင်ဖွယ် ရှိကြောင်း ရန်ကင်းကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြားသည်။

ရန်ကင်းကလေးဆေးရုံကြီးတွင် ဇူလိုင်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအဆင့် ခွဲစိတ်မှုတွင် အပိုခြေနှစ်ဖက်ကို ဖယ်ရှားနိုင်ခဲ့ပြီး ဆက်လက်ပြုလုပ်မည့် ခွဲစိတ်မှုသည် လာမည့်လေးပတ်မှ ရှစ်ပတ်အထိ ကြာမြင့်မည် ဖြစ်ကြောင်း၊ ယင်းဒုတိယအဆင့် ခွဲစိတ်မှုသည် အရိုးပိုင်းဆိုင်ရာအတွက် ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

ယင်းခွဲစိတ်မှုပြီးပါက ကလေးငယ်၏ အူမကြီးသည် စအိုနှင့်မဆက်ဘဲ မိန်းမကိုယ်နှင့် ဆက်နေသည့်အတွက် ဝမ်းဗိုက်ကို ခွဲစိတ်ကာ လမ်းကြောင်း ပြန်တည်သော ခွဲစိတ်မှု ထပ်မံပြုလုပ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆင့်ဆင့်ခွဲစိတ်မှု ယင်းသို့ ကြာမြင့်ရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းလင်း ပြောဆိုသည်။

“ခွဲစိတ်မှုတွေပြီးရင် ကလေးကို လမ်းလျှောက်နိုင်အောင် ဆောင်ရွက်ပေးမယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြားသည်။

ကလေးငယ်၏ ပထမအဆင့် ခွဲစိတ်မှုတွင် ဆေးတက္ကသိုလ် (၂) ရန်ကုန်မှ အရိုးရောဂါပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာမြင့်သောင်းအပြင် ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့ရှိ မေ့ဆေးပညာဌာနမှ ပါမောက္ခ ဌာနမှူးများ၊ အခြားအထူးကု ဆရာဝန်ကြီးများနှင့် သူနာပြုများလည်း ပါဝင်ကြောင်း ဧရာဝတီဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းခြေလေးဖက်ပါသော ငါးလသားအရွယ် မိန်းကလေးငယ်ကို ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ လွယ်မွတ်ကျေးရွာနေ ဦးခွန်စံဒွေးနှင့် ဒေါ်နန်းနောင့်နောင့်တို့က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က မွေးဖွားခဲ့သည်။

သန္တာ၊ ဥမ္မာ
The Voice Weekly

စင်ကာပူတွင် ပညာရေး အထောက်အထား လိမ်လည်မှုဖြင့် နိုင်ငံခြားသား ၂၅ ဦးကို ပြစ်ဒဏ်ချ

Posted by drmyochit Thursday, July 18, 2013, under | No comments


စင်ကာပူ၊ ဇူလိုင် ၁၇

စင်ကာပူနိုင်ငံတွင် အလုပ် လုပ်ကိုင်ခွင့် ရရန်အတွက် ပညာရေး အထောက်အထား တင်ပြရာတွင် လိမ်လည် တင်ပြမှုဖြင့် အစစ်ဆေးခံနေ ရသော နိုင်ငံခြားသား ၂၅ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့က ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်ဟု CNA သတင်း ဌာနတွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံခြားသား ၂၅ ဦးမှာ အလုပ်လုပ်ခွင့် ပါမစ် လျှောက်ထားရာ၌ ပညာရေး အထောက်အထား စာရွက် စာတမ်း အတုများကို တင်ပြခဲ့သည့် အတွက် မေလအတွင်းက တရားစွဲဆို ခံခဲ့ရပြီး ယခုအခါတွင် ပြစ်မှု ထင်ရှား သဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုနိုင်ငံခြားသား ၂၅ ဦးမှာ မြန်မာနိုင်ငံမှ ၂၁ ဦး၊ အိန္ဒိယနိုင်ငံမှ သုံးဦးနှင့် ဖိလစ်ပိုင်နိုင်ငံမှ တစ်ဦး ဖြစ်ပြီး အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ငါးဦးဖြစ်ကာ အသက် ၁၉ နှစ်မှ ၄၈ နှစ် ကြား ရှိသူများ ဖြစ်ကြောင်း သိရသည်။

ထို ၂၅ ဦးသည် ၂၀၁၂ ခုနှစ် မေလမှ သြဂုတ်လအတွင်းတွင် အလုပ်လုပ်ခွင့် ပါမစ် ကြီးကြပ်ရေးဌာန သို့ အလုပ် လုပ်ခွင့် ပါမစ် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ၂၅ ဦး စလုံးမှာ အချက်အလက် အမှားများဖြင့် လိမ်လည် လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။

၂၅ ဦး အနက်မှ ၂၄ ဦးမှာ ၎င်းတို့၏ ပညာရေး အထောက်အထား စာရွက်စာတမ်း အတုများကို ၎င်းတို့၏ မိခင် နိုင်ငံများမှ ရယူကာ ထိုအထောက်အထား အတုများဖြင့် အလုပ်သမား ဝန်ကြီးဌာနသို့ ၎င်းတို့ ဘာသာ အလုပ်လုပ်ခွင့် ပါမစ် လျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

ကျန်တစ်ဦးမှာမူ အလုပ်လုပ်ခွင့် ပါမစ်ကို ပညာရေး အထောက်အထား အတုဖြင့် အလုပ်အကိုင် ရှာဖွေရေး အေးဂျင့် တစ်ခုမှ တစ်ဆင့် လျှောက်ထား ခဲ့ခြင်း ဖြစ်သော်လည်း ထိုအလုပ်အကိုင် ရှာဖွေရေး အေးဂျင့်က ထိုစာရွက်စာတမ်း အတုနှင့် ပတ်သက်၍ စင်ကာပူနိုင်ငံ အလုပ်သမားရေးရာ ဝန်ကြီးဌာနသို့ အကြောင်းကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုကဲ့သို့ လျှောက်ထားသည့် အချိန်က စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနသည် စာရွက် စာတမ်း အတုများကို စစ်ဆေး တွေ့ရှိခဲ့ခြင်း မရှိသဖြင့် အလုပ်လုပ်ခွင့် ပါမစ်များ ထုတ်ပေးခဲ့ပြီး ယခုနှစ် မေလတွင်မှ စာရွက်စာတမ်း အတုများဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည့်အတွက် ဖမ်းဆီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီးသည့်နောက်တွင် တရားစွဲဆိုခြင်း ခံရသော နိုင်ငံခြားသား ၂၅ ဦးစလုံးမှာ အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ထိုနိုင်ငံခြားသား ၂၅ ဦးအနက်မှ ၂၀ ဦးကို ထောင်ဒဏ် လေးပတ် ချမှတ်ခဲ့ပြီး ကျန်ငါးဦးကို ငွေဒဏ် စင်ကာပူ ဒေါ်လာ ၅၀၀၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

မင်္ဂလာဦးနေ့မှာ ခင်ပွန်းကိုသတ်သည့် အမျိုးသမီး ထောင်တစ်သက်တစ်ကျွန်းကျ

Posted by drmyochit Thursday, July 18, 2013, under | No comments

မင်္ဂလာဆောင်မည့်နေ့တွင် ခင်ပွန်းလောင်းဖြစ်သူအား ဓားဖြင့်ထိုးသတ်ခဲ့တဲ့ ပင်ဆယ်ဗေးနီးယား အရှေ့ ပိုင်းက အမျိုး သမီးတစ်ဦးမှာ ထောင်ဒဏ်တစ်သက် တစ်ကျွန်းကျခံရတော့မည်ဟု ဟပ်ဖင်တန်ပို့စ် သတင်း စာကဖော်ပြလိုက်ပါ တယ်။ သူမအနေနဲ့ ခင်ပွန်းဖြစ် သူကို ချစ် နေတုန်းပါပဲလို့လဲ ဆိုလိုက်ပါသေးတယ်။

အသက် ၃၂ နှစ်အရွယ် နာကိုလာ ဖရန်ကလင်မှာ အသက် ၃၆ နှစ်အရွယ် ခင်ပွန်းဖြစ်သူ ဘီလီဘရူစ တာနဲ့ ယမန်နှစ် သြဂုတ်လအတွင်းကနေအိမ်တွင် မင်္ဂလာပွဲမစမီနာရီပိုင်းအလို စကားများကြရာမှ ယခု လိုသတ်မိ ခဲ့ရာ ရည်ရွယ်ချက်ရှိရှိသေဆုံးရန် လုပ်ဆောင်မှုမြောက်သွားခဲ့ပါတယ်။

ဖရန်ကလင်းအနေဖြင့်လွန်ခဲ့သော အင်္ဂါနေ့တွင်ခြွင်းချက်မရှိ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခြင်းမခံ ရမီအချိန်တွင် သူမအနေဖြင့် ခင်ပွန်းအားသတ်ဖြတ်ရန် မရည်ရွယ်ခဲ့ပါဟု Express-Times သတင်းစာ သို့ပြောကြားခဲ့သည်။

“ကျွန်မသူ့ကို ချစ်ပါတယ်။ ခုထိလဲ ချစ်နေတုန်းပါပဲ။ ကျွန်မကိုယ် ကျွန်မချစ်တာထက်ကို သူ့ကိုပိုချစ်ပါ တယ်” ဟုဖရန့်ကလင်းမှ ဘရူစတာ၏ မိခင်သို့ပြောကြားခဲ့ပါသေးတယ်။

အဆိုပါ ဆုံးဖြတ်ချက်အတွက် အယူခံဝင်ရန် တရားခံရှေ့နေကတရားရုံးသို့ လျှောက်ထားသည်ဟုလည်း သိရသည်။ သေဆုံးသူသည် ကြိုတင်စီစဉ်ထားခြင်းမရှိတဲ့ လူပျိုညပါတီမှအရက်မူးပြီး ပြန်လာစဉ် ဇနီး သည်ကိုတိုက်ခိုက်လို့ အခုလိုဖြစ်ရတာပါဟုလည်း စောဒကတက်ထားသည်။

အောင်မင်းဘာသာပြန်သည်။
Ref : Huffington Post
Mizzima - News in Burmese

မာလာလာထံသို့ တာလီဘန်ခေါင်းဆောင်က စာရေးသားပေးပို့

Posted by drmyochit Thursday, July 18, 2013, under | No comments

ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့ ခေါင်းဆောင် တစ်ဦးက တာလီဘန် သေနတ်သမား တစ်ဦး၏ လုပ်ကြံ မှုနှင့် ကြုံခဲ့ရသည့် ကျောင်းသူလေး မာလာလာ ယူဆွတ်ဖ်ဇိုင်ထံသို့ အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်ပြီး မိမိတို့ တုန်လှုပ် အံ့ဩမိရကြောင်း စာရေးသား ပေးပို့လိုက်သည်။ ပြီးခဲ့သည့်နှစ်က ပါကစ္စတန်တွင် မိန်း ကလေးများ စာသင်ခွင့်ရရေး အဓိက ဟောပြောစည်းရုံးသူ ကျောင်းသူလေး မာလာလာကို ကျောင်း ကားပေါ်တွင် တာလီဘန် သေနတ်သမား တစ်ဦးက သေနတ်ဖြင့် တေ့ပစ်ခဲ့သည်။ 

ကံကြီးလှသော မာလာလာသည် အသက်မသေခဲ့ဘဲ ဦးခေါင်းခွံ ကျေမွဒဏ်ရာနှင့် နားစည်ပေါက်ထွက် ဒဏ်ရာ များ ရရှိခဲ့သည်။ သူမသည် လုပ်ကြံခံရချိန်က အသက်(၁၅)နှစ်သာ ရှိသေးပြီး ယခုအချိန်တွင်မူ (၁၆)နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ မာလာလာသည် ထိုဖြစ်စဉ်နောက်ပိုင်း ဗြိတိန်တွင် ဆေးဝါးကုသမှု ခံယူခဲ့ရပြီး သူမ ၏ ဦးခွံကို သတ္တုဖြင့် အစားထိုးကာ နားစည်ကိုလည်း ပြန်လည်ဖာထေးပြီး ဖြစ်သည်။ ယခုအခါ အပြည့် အဝ ကျန်းမာလာနေပြီ ဖြစ်သည့် မာလာလာထံ တာလီဘန်ခေါင်းဆောင် တစ်ဦးဖြစ်သည့် အက်ဒ်နန် ရာရှစ်ဒ်က စာရေးသား ပေးပို့ခဲ့သည်။

၎င်းက တိုက်ခိုက်မှုနှင့် စပ်လျဉ်းပြီး မာလာလာကို တောင်းပန်ထားကာ အမှန်အားဖြင့်မူ ယင်းသို့သော လုပ်ရပ်မျိုး လုံးဝ မပေါ်ပေါက်စေလိုခဲ့ဟု ပြောဆိုထားသည်။ ထို့အပြင် အဆိုပါ တိုက်ခိုက်မှုသည် မာလာလာ၏ အမျိုးသမီးများ ပညာတတ်မြောက်ရေး လှုပ်ရှားမှုအတွက် မဟုတ်ဘဲ တာလီဘန် ဆန့်ကျင်ရေး ဟောပြောမှုများအတွက်ဟုလည်း ရာရှစ်ဒ်က ရေးသားထားသည်။ မာလာလာသည် ယခုအခါ နိုဘယ်လ် ငြိမ်းချမ်းရေးဆု စာရင်းတွင် လျာထားခံရသူ တစ်ဦးအဖြစ် အမည်တင်သွင်း ခံထားရပြီ ဖြစ်သည်။ သူမသည် ပြီးခဲ့သည့် သီတင်းပတ်က ကုလသမဂ္ဂ ရုံးချုပ်တွင်လည်း စကားပြောခွင့် ရခဲ့သည်။

မာလာလာထံ ရာရှစ်ဒ် ရေးသားထားသော စာကို မိတ္တူကူးထားသည့် မှတ်တမ်းတွင် ရာရှစ်ဒ်က မိမိတို့သည် မာလာလာနှင့် အနွယ်တူများ ဖြစ်ကြောင်း၊ ယင်းအတွက် မာလာလာကို လုပ်ကြံရသည့်အပေါ် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု များစွာ ရှိခဲ့ကြောင်း အသိပေးထားသည်။ ၎င်းက တိုက်ခိုက်မှုကို အပြစ်တင်ရန်မူ ငြင်းပယ်ထားပြီး ထိုလုပ်ရပ်သည် မျှတသည်၊ မမျှတသည် ဆိုခြင်းကို ဘုရားသခင်က ဆုံးဖြတ် စီရင်လိမ့်မည်ဟုလည်း ရေးသားထားသည်။ ထို့အပြင် တာလီဘန်တို့သည် အမျိုးသား၊ အမျိုးသမီး မည်သူဖြစ်စေ ပညာသင်ယူခွင့်နှင့် စပ်လျဉ်းပြီး လုံးဝ ဆန့်ကျင်မှု မရှိကြောင်းလည်း အခိုင်အမာ ဆိုသည်။

မာလာလာကို မိမိတို့ လုပ်ကြံရန် အားထုတ်မှုသည် တာလီဘန်တို့က အစ္စလာမ်မစ် နိုင်ငံတော် ထူထောင်ရန် အစီအစဉ်ကို ဆန့်ကျင်ဟောပြောခြင်းကြောင့်ဟု ရာရှစ်ဒ်က ဖြေရှင်းထားသည်။ "မင်းရဲ့ မိန့်ခွန်းထဲမှာ ဘောပင်ဟာ ဓားထက် ပိုပြီးတော့ ခွန်အားရှိတယ်လို့ ပြောခဲ့တယ် မိန်းကလေး။ ဒါကြောင့် သူတို့က မင်းရဲ့ ဓားအတွက် မင်းကို တိုက်ခိုက်ခဲ့တာ။ မင်းရဲ့ ကျောင်းနဲ့ မင်းရဲ့ စာအုပ်တွေအတွက် မဟုတ်ဘူး"ဟု ရာရှစ်ဒ်က ရေးသားထားသည်။ ထို့အပြင် မာလာလာအား ပါကစ္စတန်သို့ ပြန်လာပြီး အစ္စလာမ်နှင့် ပက်ရှ်တွန်ဝါဒကို လေးစား လိုက်နာကာ အခြား အစ္စလာမ်မစ် မိန်းကလေး ကျောင်းများအတွက် အလုပ်လုပ်ရန်လည်း တိုက်တွန်းထားသည်။

"မင်းရဲ့ ဘောပင်ကို သုံးပေါ့။ ပြီးတော့ လူနည်းစုလေး တစ်ရပ်က လူသားတစ်ရပ်လုံးကို ကျွန်ဇာတ်သွင်းချင်နေတဲ့ အကြောင်းတွေ ရေးပေါ့"ဟုလည်း ခနဲ့တဲ့တဲ့ ပြောဆိုထားကြောင်း သိရသည်။ လေ့လာသူများက ငယ်ရွယ်လှသေးသည့် မိန်းကလေး တစ်ဦးကို လူအများရှေ့တွင် ရက်စက်စွာ လုပ်ကြံခဲ့မှုသည် ပါကစ္စတန် မြောက်ပိုင်းတွင် အခြေစိုက်သည့် တာလီဘန်တို့အပေါ် ထောက်ခံမှု အခြေအနေကို ဆိုးဆိုးရွားရွား ကျဆင်းသွားစေကြောင်း သုံးသပ် ပြောဆိုထားကြသည်။

From: Planet Myanmar Network

စစ်တပ်က သားသမီးတွေကို KIA မှ အတင်း အဓမ္မ လူသစ် စုဆောင်း

Posted by drmyochit Thursday, July 18, 2013, under | No comments

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၄ ရက် နံနက် ၈ နာရီတွင် မံစီမြို့မှ ကျော်ခေါင်ရွာသို့ သွားရောက် လည်ပတ်သူ ခမရ (၆၀၁)မှ စစ်သားများ၏ သားသမီးများ ဖြစ်တဲ့ မောင်မျိုးမင်းဆွေ (၁၆)နှစ်၊ မောင်ချမ်းငြိမ်းစိုး (၁၆)နှစ်၊ မောင်ရဲမြတ်နိုင် (ခ) ဖုန်းမြင့် (၁၆)နှစ်၊ မောင်သက်အောင် (၁၆)နှစ် တို့အား KIA မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ထွက်ပြေး လွတ်မြောက် လာသူ  မောင်သက်အောင်မှ လာရောက် သတင်းပို့ တိုင်ကြားခဲ့ပါသည်။ အဆိုပါ လေးဦးမှာ ရှစ်တန်း ကျောင်းသား များ ဖြစ်ပြီး စစ်တပ်မှ တပ်ကြပ်ကြီးနှင့် တပ်ကြပ် အဆင့်ရှိ စစ်သားများ၏ သားသမီးများ ဖြစ်ကြောင်း သိရှိရပါသည်။


KIA မှ အတင်းအဓမ္မ လူသစ် စုဆောင်းမှု များဟာ ရွှေမှော်၊ ကျောက်ရှာသူ များကိုသာ စုဆောင်း သော်လည်း ယခုအခါ မြို့ပေါ်အထိ ရောက်လာပြီ ဖြစ်ကြောင်း၊ ယခုအခါ စစ်သားများ၏ သားသမီး များကိုပါ စုဆောင်း လာသည့်အတွက် အခြေအနေများဟာ ပိုမို ဆိုးရွား လာပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

ကောင်းစိန်

သမီးအရင်းနှင့် လင်ပါသားတို့အား အခကြေးငွေဖြင့် မွေးစားရန် ပေးအပ်သူနှင့် ပို့ဆောင်သူတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အရေးယူ

Posted by drmyochit Thursday, July 18, 2013, under | No comments

နေပြည်တော်၊ ဇူလိုင် ၁၈

၁၅-၇-၂၀၁၃ ရက်နေ့တွင် သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စု၊ အေးချမ်းသာ ရပ်ကွက်မှ အသက် (၉)နှစ် အရွယ် သမီးအရင်းနှင့် အသက် (၆)နှစ် အရွယ် လင်ပါသားတို့အား မတင်နွယ်စိုး(ခ) မစိုး(၃၃)နှစ်မှ တရုတ်နိုင်ငံ သို့ခေါ်ဆောင်သွားပြီး တရုတ်အဖွားကြီးတစ်ဦးထံ အခကြေးငွေယူ၍ မွေးစားရန်ပေးအပ်ခဲ့ရာ နမ့်လန်နယ်မြေ ရဲစခန်း(ပ)၁၂/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၈(က)ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)မှတပ်ဖွဲ့ဝင်များက မတင်နွယ်စိုး(ခ)မစိုးအား သက်သေများရှေ့၌မေးမြန်းရာ ၂၃-၆-၂၀၁၃ ရက်နေ့တွင် အသက်(၉)နှစ်အရွယ်ရှိ ၎င်းင်း၏သမီးနှင့် အသက်(၆)နှစ်အရွယ်ရှိ လင်ပါသား(၂)ဦးတို့အား မွေးစားမည့်သူထံ အမွေစားအမွေခံအဖြစ် ပေးအပ်ရန် နမ့်လန်ကျေးရွာ၊ စက်ရုံရပ်ကွက်နေ မအေးကြည်(ခ)နန်းငွေကြည်(၃၈)နှစ်နှင့် ဆက်သွယ်၍ ပို့အပ်ခဲ့ကြောင်း၊ လားရှိုးမှမူဆယ်သို့ ဗင်ကားဖြင့်သွားပြီး မူဆယ်စက်လှေဆိပ်မှ တရုတ်နိုင်ငံ၊ ကောင်းဆောင်ရွာသို့ရောက်ရှိခဲ့ကြောင်း၊ ၄င်းရွာရှိ အမည်မသိ တရုတ်နိုင်ငံသားအဖွားကြီးတစ်ဦးမှ မွေးစားလို၍ အမွေစားအမွေခံစာချုပ်ဖြင့် လက်မှတ်ရေးထိုးပေးအပ်ခဲ့ကြောင်း၊ အဆိုပါတရုတ် အဖွားကြီးမှ ၄င်းအား ကလေးဝယ်ယူသည့်ငွေအဖြစ် သဘောမထားဘဲ ““နို့ဖိုး””ဟု ပြောဆိုကာ တရုတ်ယွမ်ငွေ(၂၅၀၀)ပေးသဖြင့် မြန်မာငွေနှင့်လဲလှယ်ခဲ့ရာ ငွေကျပ်(၄၀၀၀၀၀ိ/-)ခန့် ရရှိခဲ့သဖြင့်၊ မအေးကြည်အား ခရီးစရိတ်ငွေကျပ်(၁၀၀၀၀၀ိ/-)နှင့် လိုက်ပါပို့ဆောင်ခငွေကျပ်(၅၀၀၀၀ိ/-)၊ စုစုပေါင်း ငွေကျပ်(၁၅၀၀၀၀ိ/-)ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မတင်နွယ်စိုး(ခ)မစိုး၏ ထွက်ဆိုချက်အရ မအေးကြည်၏သတင်းအား စုံစမ်းခဲ့ရာ ၁၄-၇-၂၀၁၃ ရက်နေ့တွင် ၎င်းင်း၏နေအိမ်သို့ပြန်လည်ရောက်ရှိနေကြောင်း သိရှိရသဖြင့် နမ့်လန်နယ်မြေရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့ရာ မတင်နွယ်စိုး(ခ)မစိုးမှ နောက်အိမ်ထောင်တွင် ကလေးများရှိသည်ကိုမကြိုက်ကြောင်း၊ ကလေးများမွေးစားမည့်သူရှိက ပေးလိုကြောင်းပြောသဖြင့် ၄င်းက တရုတ်နိုင်ငံ၊ ကောင်းဆောင်ရွာနေ ဦးမောင်ထံပို့ဆောင်ပေးခဲ့ကြောင်း၊ ကောင်းဆောင်ရွာထဲတွင် ကလေးမရှိသည့်လင်မယားမှ ကောင်းကောင်းမွန်မွန်မွေးစားထားပြီး ပညာသင်ကြားပေးလိမ့်မည်ဟုပြောဆိုခဲ့ရာ မတင်နွယ်စိုး(ခ) မစိုးမှ သဘောတူသဖြင့် တရုတ်အမျိုးသမီးကြီးနှင့်တွေ့ပေးခဲ့ကြောင်း၊ တရုတ်အမျိုးသမီးကြီးမှ နောင်အခါ ပြဿနာမဖြစ်စေရန် စာချုပ်စာတမ်းဖြင့် လက်မှတ်ရေးထိုး ပေးအပ်စေခဲ့ကြောင်း၊ မတင်နွယ်စိုး(ခ)မစိုးအား တရုတ်ငွေပေးသည်ကို မြင်တွေ့သော်လည်း မည်မျှပေးသည်ကို မသိကြောင်း၊ ၎င်းင်းအား မတင်နွယ်စိုး(ခ)မစိုးက လိုက်ပါပို့ဆောင်ခ ငွေကျပ် (၅၀၀၀၀ိ/-) ပေးခဲ့ကြောင်းသိရှိရသည်။

သို့ဖြစ်၍ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာနေ အသက်(၉)နှစ်အရွယ် သမီးအရင်းနှင့် အသက်(၆)နှစ်အရွယ် လင်ပါသားတို့နှစ်ဦးအား တရုတ်နိုင်ငံသို့ပို့ဆောင်၍ မွေးစားရန်ပေးအပ်ခဲ့ပြီး အကျိုးအမြတ်ရယူခဲ့ကြသော မိခင်ဖြစ်သူ မတင်နွယ်စိုး(ခ)မစိုး(၃၃)နှစ်နှင့် အတူလိုက်ပါပို့ဆောင် ပေးသူ နမ့်လန်ကျေးရွာ၊ စက်ရုံရပ်ကွက်နေ မအေးကြည်(ခ)နန်းငွေကြည် (၃၈)နှစ်တို့နှစ်ဦးအား သီပေါမြို့နယ်၊ နမ့်လန်နယ်မြေရဲစခန်း(ပ)၁၃/၂၀၁၃၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် ကလေးငယ်နှစ်ဦးအား ပြန်လည်ကယ်တင်နိုင်ရေး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(လားရှိုး)နှင့် တပ်ဖွဲ့စု(မူဆယ်)တို့ ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဘွဲ့လက်မှတ်တုဖြင့် Work Permit လျှောက်ထားသူ မြန်မာ ၂၀ ကျော် စင်ကာပူ အစိုးရ အရေးယူ

Posted by drmyochit Thursday, July 18, 2013, under | No comments


ရန်ကုန်၊ ဇူလိုင် ၁၇

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် (Work Permit) လျှောက် ထား သူ မြန်မာနိုင်ငံသား ၂၁ဦး ကို စင်ကာပူနိုင်ငံ အစိုးရက ဇူလိုင်လ ၁၇ရက်နေ့ တွင် အရေးယူထားကြောင်း စင်ကာပူနိုင်ငံ အလုပ် သမား ဝန်ကြီးဌာန (MOM) ထုတ်ပြန်ချက်ကို ကိုးကား ကာ စင်ကာပူ သတင်း ဌာနများက ဖော်ပြ သည်။

အလုပ် လုပ်ခွင့် (Work Permit) လာရောက် လျှောက်ထားသည့် နိုင်ငံခြား သား ၂၅ဦးအနက် မြန်မာ ၂၁ဦး ပါဝင်ပြီး အိန္ဒိယ နိုင်ငံသား သုံးဦး၊ ဖိလစ်ပိုင် နိုင်ငံသား တစ်ဦး ပါဝင်ကြောင်း၊ ယင်းနိုင်ငံခြားသား ၂၅ဦးအနက် ၂၀ဦးကို ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ချခဲ့ပြီး ငါးဦးကို စင်ကာပူ ဒေါ်လာ ၅၀၀၀ ဒဏ် ရိုက်ခဲ့ကာ ဒဏ်ငွေ မဆောင်လိုပါက ရက် ၂၀ ထောင်ဒဏ် ကျခံရမည်ဖြစ်ကြောင်း အဆိုပါ သတင်း ဌာနများတွင် ဖော်ပြသည်။

အဆိုပါ နိုင်ငံခြားသား ၂၅ဦးမှာ ၂၀၁၂ခုနှစ်အတွင်း အလုပ် လုပ်ကိုင်ခွင့် လျှောက်ထားရာတွင် တက္ကသိုလ် ဘွဲ့လက်မှတ် အတုများကို ထည့်သွင်း တင်ပြခဲ့ပြီး ၎င်းတို့ အားလုံးမှာ ဘွဲ့ တစ်စုံတစ်ရာ ရရှိခြင်း မရှိသည်ကို စစ်ဆေး တွေ့ရှိသဖြင့် ယခုနှစ် မေလအတွင်း ဖမ်းဆီးခဲ့ကြောင်း MOM က ထုတ်ပြန်ထားသည်။

စင်ကာပူ အစိုးရ၏ ခွင့်ပြုချက်ဖြင့် အဆိုပါ နိုင်ငံခြားသားများသည် အရောင်းဌာန၊ စားဖိုမှူး၊ ဆံသ စသည့် လုပ်ငန်းများ လုပ်ကိုင်နေသူ များ ဖြစ်ပြီး အလုပ်သက်တမ်း တစ်နှစ် မပြည့်သေးမီ ဖမ်းဆီးခံ ရခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘွဲ့လက်မှတ် အတုနှင့် အစစ်ကို အွန်လိုင်းတွင်လည်း စစ်ဆေးနိုင်ပြီး သံသယရှိပါက သက်ဆိုင်ရာ သံရုံးနှင့် ဆက်သွယ် စစ်ဆေးကြောင်း၊ အဆိုပါ ဘွဲ့လက်မှတ် အတုများကို စင်ကာပူနိုင်ငံရှိ City Hall တွင် စင်ကာပူ ဒေါ်လာ ၁၀၀ ဝန်းကျင်ဖြင့် အလွယ်တကူ ပြုလုပ်နိုင်ကြောင်း၊ ပညာ အရည်အချင်း အထောက်အထားများ စစ်ဆေးရာတွင် ပါမစ် စတင် လျှောက်ထားချိန်တွင် တစ်ကြိမ် စစ်ဆေးပြီးအခါ အားလျော်စွာ ထပ်မံ စစ်ဆေးလေ့ရှိကြောင်း စင်ကာပူနိုင်ငံရှိ အဆောက်အအုံ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်း တစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား စက်မှု အင်ဂျင်နီယာ တစ်ဦးက ပြောကြားသည်။

“ကျွန်တော် ဒီမှာ လုပ်နေတာ ၂ နှစ် ကျော်ပြီ။ ဇန်နဝါရီတုန်းက တစ်ခါ စစ်ခံရတယ်” ဟု ၎င်းက ဆိုသည်။

“စင်ကာပူကို အလုပ်လုပ်ဖို့ လာရင် ကိုယ်တကယ် တတ်တဲ့ အရည်အချင်းနဲ့ တကယ်ရတဲ့ ဘွဲ့ကို အစစ်အမှန်ပြပြီး လျှောက်တာ အကောင်းဆုံးပဲ။ စင်ကာပူမှာ လိမ်လျှောက်လို့ မရဘူး။ လိမ်တာမိရင် ကာယကံရှင်ရော၊ နိုင်ငံရော သိက္ခာကျတယ်” ဟု အင်ဂျင်နီယာဘွဲ့ဖြင့် စင်ကာပူတွင် ၁၂ နှစ်ကျော် နေထိုင် အလုပ် လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

KIA မှ လူသစ် (၉၀) ဦးအား အတင်း အဓမ္မ စုဆောင်းသော်လည်း မည်သူမှ မပြောရဲ

Posted by drmyochit Thursday, July 18, 2013, under | No comments

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း (၁၄) မှ အင်အား ၁၀ ဦးခန့်သည် လက်နက် အပြည့်အစုံဖြင့် တနိုင်းမြို့နယ် အနောက်ဘက် ၁၀ မိုင် အကွာ ပယင်းတောင် သို့ သွားရောက် အလုပ် လုပ်ကိုင်နေသူများအား ဧည့်စာရင်း စစ်ဆေးမည်ဟု ပြောပြီး လူဦးရေ (၆၀) ဦးခန့်အား ကေအိုင်အေ တပ်ရင်း (၁၄)သို့ ဖမ်းဆီး ခေါ်ဆောင် သွား ကြောင်း ၊ ထို့ အပြင် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃ ရက် ည ၁၁ နာရီ အချိန်ခန့်တွင် ကေအိုင်အေ (၁၅) ဦးသည် ပယင်းတောင်သို့ ထပ်မံ ရောက်ရှိ လာပြီး အလုပ်လုပ်ကိုင်သူ ၃၀ ဦးအား ထပ်မံ ဖမ်းဆီး သွားကြောင်း ပယင်းတောင်တွင် အလုပ်လုပ်ကိုင်သူ ဦးဆန်းလှိုင်၊ ကျောက်တော်မြို့နယ်တွင် နေထိုင် သူမှ တနိုင်းရဲစခန်းသို့ လာရောက် တိုင်ကြားသွားကြောင်း သတင်းရရှိပါသည်။

ယခုအချိန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေ သော်လည်း လူသစ်များ ယခင်ထက် ပိုမို များပြား စွာ စုဆောင်းနေခြင်းမှာ သံသယ ဖြစ်စရာ ကောင်းကြောင်းနှင့် ဒေသခံ လူများလည်း အလွန် စိုးရိမ် ထိန့်လန့်လျက် ရှိကြောင်း သိရှိရပါသည်။


အဆိုပါ အတင်း အဓမ္မ စုဆောင်းမှုအား ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးအုန်းမြင့် တို့ခေါင်းဆောင် ပြု လုပ်နေသော ငြိမ်းချမ်း ဆောင်ရွက်မှု အဖွဲ့သို့ တင်ပြ ထားသော်လည်း မည်သို့မှ မထူးကြောင်း၊ သူရ ဦးရွှေမန်း ဦးဆောင်သော လွှတ်တော်သို့ ဆက်လက် တင်ပြ သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါသည်။

နေမင်းမောင်

သမ္မတဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာအား နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် ဦးမြအေး၏ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်နှင့် Burma Campaign UK အဖွဲ့ ဆန္ဒပြ

Posted by drmyochit Thursday, July 18, 2013, under | No comments


သမ္မတဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာအား နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် Burma Campaign UK အဖွဲ့က ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် မတွေ့ဆုံမီ ဇူလိုင် ၁၄ ရက်က ဗြိတိန်ဝန်ကြီး ချုပ် နေအိမ်အနီး၌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၏ သမီးဖြစ်သူ မဝေနှင်းပွင့်သုန်နှင့်  Burma Campaign UK အဖွဲ့မှ အဖွဲ့ဝင် ၁၀ ဦးခန့်က ထိုသို့ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ထိုသို့ ဆန္ဒပြမှုတွင် ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် သတ်မှတ်ရေးအား အကောင်အထည်ဖော်ရေး၊ မြန်မာနိုင်ငံတွင်းရှိ ဘင်္ဂါလီများ လူ့အခွင့်အရေး တန်းတူရရှိရေးတို့ကို တောင်းဆိုဆန္ဒ ပြခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ပြည်တွင်းစစ် ရပ်စဲရေးတို့ကိုလည်း ထည့်သွင်းတောင်းဆိုခဲ့ကြသည်။

အလားတူ ဇူလိုင် ၁၅ ရက်က လန်ဒန်မြို့တွင် မြန်မာများနှင့် တွေ့ဆုံစဉ် ဟိုတယ်၏ အပြင်ဘက်တွင် မြန်မာလေးဦးနှင့် နိုင်ငံခြားသား သုံးဦးတို့က ကချင်ပြည်နယ် ပဋိပက္ခနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပတ်သက်၍ ဆန္ဒပြခဲ့သည်။

ထို့ပြင် သမ္မတဦးသိန်းစိန် ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် အပြည်ပြည်ဆိုင်ရာ အဖွဲ့ဖြစ်သည့် Avaaz ကလည်း ဆန္ဒပြခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်က သမ္မတ ဖြစ်လာခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာနှင့် အထီးကျန် ဝေးကွာနေသော မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ ပြန်လည်ဝင်ဆံ့ရန် ဆက်လက်ကြိုးပမ်းနေချိန်တွင် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ခြင်း ဖြစ်သည်။

From: Eleven

အီဂျစ်လိုဖြစ်လာနိုင်သလား

Posted by drmyochit Thursday, July 18, 2013, under | 1 comment

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်း လဲကျင့် သုံးမှု ပုံစံနဲ့ အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေးစနစ် ပြောင်းလဲ ကျင့်သုံး ခဲ့မှု ပုံစံ များမှာ ခပ်ဆင် ဆင်တူ တာလေး ရှိနေတာ ကို တွေ့ရှိရမှာဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေး စနစ်ပြောင်း လဲမှုဟာ အာဏာရှင် ဟော်စနီ မူဘာ ရက်ကို အာဏာမှဖြုတ်ချပြီး မိုဟာမက်မော်စီ ဦးဆောင် တဲ့ အစိုးရက ဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင့်သုံး ခဲ့တာဖြစ် သလို ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ လည်း စစ်အုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့တာလေးက နည်းနည်း ဆင်တူနေ တယ်။ ဒီမိုကရေ စီစနစ် ကျင့်သုံးတဲ့ ကာလသက်တမ်းအနေနဲ့လည်း ရှေ့ဆင့်နောက်ဆင့် ပြောင်းလဲ ကျင့်သုံး ခဲ့ကြတဲ့နိုင်ငံတွေဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

သို့သော်လည်း ယနေ့အချိန်မှာ မော်စီအစိုးရရဲ့ ဒီမိုကရေစီသက်တမ်းပထမနှစ်မှာပင် အစိုးရ အား ဆန္ဒပြ တောင်း ဆိုမှုတွေ ကတစ်ဆင့် မော်စီ၏ဒီမိုကရေစီအစိုးရဖြုတ်ချခံရပြီး စစ်တပ်မှ အာဏာ သိမ်းမှု ဖြစ်ပေါ် လာခဲ့ပြီဖြစ် ပါတယ်။ စစ်အုပ်ချုပ်ရေးစနစ်၊ အာဏာရှင်အုပ်ချုပ်မှုစနစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စ ရပ်များ ကို အမြဲတစေကန့်ကွက်ဆန့်ကျင်မှု ပြုလုပ်လေ့ရှိတဲ့ အမေရိကန်နိုင်ငံအနေဖြင့် လည်း အီဂျစ် စစ်တပ် ရဲ့အာဏာသိမ်းမှုအပေါ် အလေးထားပြောဆိုလုပ်ဆောင်မှုများမရှိခဲ့ပါဘူး။ ဒါဟာ အမေရိကန်နိုင်ငံ အနေနဲ့ ၎င်းတို့ရဲ့လုံခြုံဘေးကင်းရေး၊ ၎င်းတို့ရဲ့နိုင်ငံသားများကို ကာကွယ်မှုပြုနိုင်ရေး၊ အကျိုး အမြတ်ဖြစ် ထွန်းရေး အတွက်သာ အဓိကရည်မှန်းပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပါဝင်ဆောင် ရွက်နေခြင်းဖြစ်ကြောင်း တွေ့မြင်လာရမှာဖြစ်ပါတယ်။ အမေရိကန်တို့ အနေနဲ့ ဒီမိုကရေ စီတိုက် ပွဲဝင်နိုင်ငံ များရှိ ပြည်သူအများ၏ ဆင်းရဲဒုက္ခအခက်အခဲများကို ကူညီဖြေရှင်း ဆောင်ရွက်ရေးထက် ၎င်းတို့ အတွက် သာ အကျိုးဖြစ်ထွန်းမည်ဆိုပါက ယခုကဲ့သို့ အာဏာရှင်အစိုးရ ဖြစ်နေစေကာမူ ရှင်သန် ရပ်တည်ခွင့်ပေး ထားမယ့် သဘောဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးနဲ့ ပြည်သူ တစ်ရပ်လုံး ၏လို အင် ဆန္ဒများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ပြုပြင် ပြောင်း လဲအကောင် အထည်ဖော် ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် မြန်လွန်းတာကြောင့် လိုအပ် ချက်ရှိ သလောက် ဖြည့်စွမ်းမပေးနိုင်သေးဘူး ဖြစ်နေပါတယ်။ ပြည်သူလူထု အနေနဲ့လည်း မိမိတို့ ရဲ့တောင်းဆိုလုပ်ဆောင်မှုများကို တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် ရယူ သင့်ပါတယ်။ မိမိတို့ ရဲ့လိုအပ် ချက်များ၊ ရလိုဖြစ်လိုမှုများကို ဥပဒေပြင်ပမှ အင်အားစုဖွဲ့တောင်းဆိုမှု များ၊ ဆန္ဒပြတောင်း ဆိုမှုများကြောင့် နိုင်ငံတော်၏လုံခြုံရေးနှင့် အမျိုးသားရေးကိုသော်လည်းကောင်း၊ တပ်မတော်၏ လုပ်ငန်း တာဝန် များ ကိုသော်လည်းကောင်း ထိခိုက်မှုများရှိလာခဲ့ပါက မြန်မာနိုင်ငံမှာ လည်း အလားတူကိစ္စရပ်များ ဖြစ်ပေါ် လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသတွင်းမဟာဗျူဟာအရ အရေးပါ သည့် ပထဝီ အနေ အထား ကြောင့် အမေရိကန် အစိုးရအနေဖြင့်လည်း ၎င်းတို့၏ အကျိုးစီးပွား ဖြစ်ထွန်းနေ မည် ဆိုပါက မြန်မာနိုင်ငံ ရဲ့ပြောင်း လဲမှုဖြစ်စဉ်အတိုင်း ဆက်ဆံရပ်တည်သွားနိုင်တယ် ဆိုတာကို အားလုံး က သတိပြုသင့်ပါကြောင်း။

မောင်ရိုး

မြန်မာပြည်ကပို့လိုက်တဲ့ ပတ္တမြား ၂၄ လုံးတပ် စာတစောင်

Posted by drmyochit Thursday, July 18, 2013, under | No comments

အလောင်းမင်းတရားက အင်္ဂလိပ်ဘုရင် King George II ကို ပေးပို့ခဲ့တယ် ဆိုတဲ့  ရွှေပေလွှာတစောင်ဟာ ဂျာမဏီနိုင်ငံက နယ်ဘက် စာကြည့်တိုက်တခုမှာ ရောက်နေပါတယ်။

ရွှေသား အတိပြီး တယ် ဆိုတဲ့ ဒီစာမှာ ပတ္တမြား ၂၄ လုံးကိုလည်း လှလှပပ တန်ဆာဆင်ထားတာပါ။

ဆင်စွယ် ဘူးနဲ့ ထည့်ပို့လိုက်တဲ့စာ (ဓာတ်ပုံများ - NDR/ဂျာမန်ရေဒီယိုဝက်ဆိုက်)

ဒီစာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ဝန်းကျင်မှာ ပေးပို့လိုက်တဲ့စာပါ။

 အင်္ဂလိပ်ဘုရင်လက်ထဲကို ရောက်ဖို့ ၂ နှစ်လောက် ကြာတယ်လို့ ဆိုပါတယ်။  အင်္ဂလိပ်ဘုရင်က သူ့ဇာတိမြေမှာ ရှိတဲ့ စာကြည့်တိုက်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

စာနဲ့ ပတ်သက်တဲ့ အခမ်းအနားတခု မကြာသေးခင်က ပြည်ပမှာ ပြုလုပ်ခဲ့ပုံ


စာကိုသိမ်းထားတဲ့ စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပုံပါပဲ။

ဒီရှေးဟောင်းပစ္စည်းက အခုတော့ မြန်မာပြည် ရောက်လာဖွယ် ရှိနေပါပြီ။
ဒီအကြောင်း မနေ့က ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဂျာမနီ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။

ရွှေပေလွှာသိမ်းထားတဲ့ စာကြည့်တိုက်က သဘောတူမယ်၊ စာကြည့်တိုက်ရှိတဲ့ပြည်နယ်ရဲ့ အစိုးရက သဘောတူမယ် ဆိုရင် ဒီစာက မြန်မာပြည် ပြန်ရောက်လာမှာပါ။

အလောင်းမင်းတရားရဲ့သ၀ဏ်လွှာကို ဆင်စွယ်နဲ့လုပ်ထားတဲ့ ဗူးနဲ့ ထည့်ပေးလိုက်တာပါ။
အင်တာနက်မှာ စုံစမ်း ဖတ်ရှုကြည့်တော့ Christian VII  လို့ အမည်ရတဲ့ ဒိန်းမတ်ဘုရင်တပါးက လက်ကမြင်းလိုက်တာကြောင့် သ၀ဏ်လွှာက ကြေသွားခဲ့တယ်လို့ ဆိုတယ်။ ဖတ်ရခက်သွားတာပေါ့လေ။သ၀ဏ်လွှာမှာ အလောင်းမင်းတရား ရေးထားတာကတော့ လက်နက် အကူအညီ ရရှိရေး နဲ့ ကုန်သွယ်မှုကိစ္စတွေဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလိပ်ဘုရင်က ဒီစာကို သဘောမပေါက်၊ သူ့ဆီရောက်သွားတာလည်း နောက်ကျသွားတယ် ဆိုတော့ ဒီစာကို အကြောင်းပြန်ဖို့၊ အလောင်းမင်းတရားဆီကို စာပြန်ဖို့ အစီအစဉ် ရှိခဲ့ပုံ မရဘူးလို့ ယူဆရပါတယ်။

စာပေးပို့သူ မြန်မာဘုရင်  အလောင်းဘုရား


အင်္ဂလိပ် ဘုရင်။ သူက စာလက်ခံရပေမယ့် ဘာတွေရေးထားမှန်း သိမသွားဘူးလို့ ယူဆရ ပါတယ်။
 တန်ဘိုးကြီး ပေးစာ။

 နှစ်ပေါင်း ၂ဝဝ ကျော် အကြာမှာ ဒီစာကို ပြန်လေ့လာကြပါပြီ။

 စာရတနာ

From: ဧရာဝတီ

အိန္ဒိယ ကလေးငယ်တွေ ကျောင်းနေ့လည်စာ စားပြီး သေဆုံး

Posted by drmyochit Thursday, July 18, 2013, under | No comments

ကလေး မိဘတွေ စိုးရိမ် သောက ရောက်ကြသလို ဆန္ဒပြ ကန့်ကွက်မှုတွေရှိခဲ့

အိန္ဒိယနိုင်ငံ ဘီဟား ပြည်နယ်မှာ ကျောင်း တကျောင်းက ကျွေးတဲ့ အခမဲ့ နေ့လည်စာကို စားခဲ့တဲ့ ကလေး ၄၇ ယောက် အနက် ၂၂ ယောက် အသက် ဆုံးရှုံး ခဲ့ပြီး ကျန်တဲ့ ကလေး တွေလည်း နာမကျန်း ဖြစ်ကုန် တာကြောင့် မိဘတွေနဲ့ အများပြည်သူ တွေက ဒေါသူပုန် ထနေ ကြပါတယ်။

မိဘတွေနဲ့ အတူ ရွာသူ ရွာသား ရာပေါင်း များစွာက ဆန္ဒပြ ကန့်ကွက်ကြ သလို ရဲကား တွေကိုလည်း မီးတင် ရှို့ခဲ့ ပါတယ်။

ဆန္ဒပြ သူတွေ ထဲမှာ တုတ်တွေ ကိုင်ဆောင် ထားသူ တွေလည်း ရှိကြပြီး ကားလမ်း ရထား လမ်းတွေ ကိုလည်း ပိတ်ဆို့ ထားခဲ့ ကြပါတယ်။

အိန္ဒိယ နိုင်ငံမှာ ကလေး စုစုပေါင်းရဲ့ တဝက် လောက်ဟာ အစား အသောက် အဟာရ ချို့တဲ့ ကြသလို ကျောင်းတက်ဖို့ အခက် အခဲလည်း ရှိကြ ပါတယ်။

ဒီလို ကလေးငယ် တွေရှိတဲ့ အတွက် အခမဲ့ နေ့လည်စာ အစီ အစဉ်ကို အကောင် အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီ အစီ အစဉ်ဟာ ကလေးတွေ ကျောင်း နေနိုင်ရေး စာ မတတ်သူ ပပျောက်ရေး စီမံကိန်းရဲ့ တစိတ် တဒေသ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအခမဲ့ နေ့လည်စာ အစီ အစဉ်မှာ ကလေးတွေရဲ့ စားစရိတ်ကို ကြားက ဖြတ်စား တာတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲ ချက်တွေလည်း ရှိခဲ့ ပါတယ်။

အခု ဒီကလေး တွေ သေဆုံး ရတဲ့ အကြောင်းကို စမ်းသပ် စစ်ဆေးတဲ့ အခါမှာတော့ အစာ အဆိပ် သင့်လို့ သေဆုံး ရတာ မှန်ကန်ကြောင်း ဆရာဝန် တွေက ပြောခဲ့တယ် လို့ ပြည်နယ် ပညာရေး ဝန်ကြီး ပီကေ ရှာဟိ က အတည်ပြု ပြောကြားပါတယ်။

ကလေးတွေကို ခွဲစိတ် ကြည့်တဲ့ အခါ ထွက်ပေါ်လာတဲ့ အနံ့အသက် အရ အစာထဲမှာ အဆိပ် ဖြစ်စေတဲ့ ဖော့စဖရပ် ဓါတ်ပေါင်း ပါဝင်နေကြောင်း သိရတယ်လို့ စစ်ဆေးတဲ့ ဆရာဝန် တွေက ပြောပါတယ်။

အဲဒီ ဖော့စဖရပ် ဓါတ်ပေါင်းဟာ အစား အသောက် ထဲမှာ မတော် တဆ ပါသွား တာလား၊ တမင် ထည့်လိုက် တာလား ဆိုတာကို စုံစမ်း စစ်ဆေး သွားမယ်လို့ ပြည်နယ် ပညာရေး ဝန်ကြီးက ပြောပါတယ်။

ဖော့ စဖရပ် ဓါတ်ပေါင်း ကတော့ သီးနှံ အတွက် သုံးတဲ့ ပိုးသတ် ဆေးတို့၊ ကြွက်သတ် ဆေးတို့ ထဲမှာ ပါဝင် တတ်တဲ့ ဓါတ်ပေါင်း ဖြစ်ပါတယ်။

ထမင်းချက် အမျိုးသမီးက ဟင်းချက်ဖို့ ဝယ်လာတဲ့ ဆီကို မသင်္ကာလို့ တာဝန်ကျ ကျောင်း ဆရာမကို ခေါ်ပြခဲ့ သေးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဆရာမက အဲဒီဆီကို အိမ်မှာ ထုတ်လုပ်တဲ့ ဆီဖြစ်တယ်၊ စိတ်ချ ရတယ်လို့ ပြောတာကြောင့် သုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဆီဟာ တာဝန်ကျ ဆရာမရဲ့ ခင်ပွန်းဖြစ်သူ ပိုင်တဲ့ ကုန်စုံ ဆိုင်ကနေ ဝယ်ခဲ့တာ ဖြစ်ပြီး အခု အခါမှာ အဲဒီ ကုန်စုံဆိုင် ပိုင်ရှင် ခင်ပွန်း ကတော့ ရှောင်တိမ်း နေပါတယ်။

ဒီကိစ္စဟာ ပေါ့ဆလို့ ဖြစ်တာလား၊ ရည်ရွယ်ချက်ရှိရှိ လုပ်တာလား ဆိုတာကို စုံစမ်း စစ်ဆေးမှု စနေပြီ ဖြစ်ပြီး ပန်းကန် ခွက်ယောက် တွေကိုရော အစားအစာ အကျန် တွေကိုရော အခု အထူး စုံစမ်းရေး အဖွဲ့က သိမ်းထား လိုက်ပြီလို့ ပြည်နယ် တရားသူကြီး ချပ်ပရာက ပြောပါတယ်။


နေ့လည်စာ အခမဲ့ ကျွေးတဲ့ စနစ်ကို အိန္ဒိယ တောင်ပိုင်း ချန်နိုင်းမြို့မှာ ၁၉၂၅ ခုနှစ်က စတင် ကျင့်သုံး ခဲ့တာ ဖြစ်ပါတယ်။

From: BBC

အသုံးချခံမြေယာပြဿနာ

Posted by drmyochit Thursday, July 18, 2013, under | No comments


ရွှေဥဒေါင်း၏ သွေးစုပ်မြေဆိုသော ဘာသာပြန်ဝတ္ထုစာအုပ်ကို တစိမ့်စိမ့်ဖတ်၍ ကိုယ့်နိုင်ငံ၏ ရေမြေ တောတောင်သဘာဝကို မြတ်နိုးလာစေခဲ့ပါသည်။ ဟိုရှေးယခင် ဘိုးဘွားလက်ထက်ကတည်းက ကျွန်တော် တို့ အမိမြန်မာနိုင်ငံသားများသည် အင်္ဂလိပ်အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုများကြောင့် ကျွန်ဘ၀ရောက်ကာ ထားလိုရာနေ စေလိုရာသွားခဲ့ရပါသည်။

ဤကဲ့သို့ ဘ၀ဆိုးထဲမှလွတ်မြောက်အောင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် “ကမ္ဘာမှာ မြန်မာဟေ့” ဟု ၀င့်ကြွားနိုင်အောင် နယ်ချဲ့လက်ပါးစေများအား တွန်းလှန်မျိုးဖြုတ်ခဲ့သော သူရဲကောင်းများအား အထူးပင် လေးစားကြည်ညိုမိပါသည်။ ကိုယ့်မြေကို တစ်လက်မမှ ကျူးကျော်မခံလို၊ သူတစ်ပါးအားလည်း မကျူးကျော် ခဲ့ပါ။

အဲဒီလို ငြိမ်းချမ်းရေးပန်းခင်းတွေနဲ့ ဝေဆာနေတဲ့ မြန်မာနိုင်ငံကြီးမှာလည်း တိုင်းရင်းသားညီအစ်ကို မောင်နှ မတွေ က သွေးစည်းစွာနေထိုင်နေကြတာဟာဆိုရင်ဖြင့် သွေးစည်းညီညွတ်စွာနေထိုင်ခြင်းရဲ့ စည်းလုံး မှုသရုပ် ပါပဲ။

၈-၈-၁၉၈၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ကျောင်းသားသပိတ်ဟာ ပြည်တွင်းဆူပူသောင်းကျန်းမှု ဖြစ်အောင် မီးစာတိုက်ပေးခဲ့တာပါပဲ။ ထို့ကြောင့် တပ်မတော်အစိုးရအနေနဲ့ အုပ်ချုပ်မှုအာဏာကို သိမ်းယူ လိုက်ပြီး ပြည်တွင်းဆူပူမှုကို ထိန်းနိုင်ခဲ့ပါတယ်။ ဆူပူသောင်းကျန်းမှုတွေကို ထိန်းချုပ်ပြီး အေးချမ်းစွာဖြင့် အုပ်ချုပ်နိုင်ခဲ့တယ်။

၂၀၁၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပြီး၌ အစိုးရသစ်အား အာဏာလွှဲပြောင်းပေးပြီး နောက်ပိုင်း ၌ ၈၈ မျိုးဆက်သစ်တို့ပါမကျန် နှစ်ရှည်ထောင်အကျဉ်းသားဘ၀မှ လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးခဲ့ ပါ တယ်။ သို့ပေမယ့်လည်း ဆူပူမှုများကို ဆက်လက်ဖန်တီးပြီး ပြည်သူများကို အမျိုးမျိုးသိမ်းသွင်းခဲ့ပါတယ်။ အမျိုး မျိုး၊ အဖုံဖုံနှင့် လောကဇာတ်ခုံပေါ်မှ ပြဿနာပေါင်းစုံနှင့် အပြစ်မြင်ကာ အမျိုး မျိုးသော နည်း လမ်းတွေ ကို အသုံးပြု ၍ လူထုကိုသက်သေလုပ်ကာ ပြဿနာများကို ရှုပ်ထွေးစေခဲ့ပါတယ်။

ယခုလည်းပြဿနာကို ဖန်တီးနေသလိုဖြစ်နေပါသည်။ ယခုလတ်တလောဖြစ်ပွားနေသော မြေယာ ပြဿနာ ဖန်တီးမယ်၊ လူထုကိုစည်းရုံးပြီး ဆူပူသောင်းကျန်းမှုတွေကို ဖန်တီးမယ်။ မြို့ရွာအတွက် ပြည်သူ၊ ပြည်သားတွေ ကျူးကျော်မြေဟာ သူတို့အတွက်ငါးစာဖြစ်လာတယ်။ ပြည်သူလူထုကို အယုံသွင်းပြီး “အမှောင် မိုက်တွင်း နက်နက်ကို မည်းသထက်နက်အရောင်ထက်ကို အရောင်တွေဆိုးပြီး ပစ်မှတ်အဖြစ် အသုံးပြုတော့ မှာဖြစ်တယ်။”

ကျွန်တော်ငယ်ငယ်က ဆရာတော်တစ်ပါးမိန့်ဖူးပါတယ်။ ကျွန်တော်တို့ရွာသူကြီးကိုပေါ့။ ငယ်စဉ်က တော့နားမလည်ခဲ့ဘူး။ “ဟဲ့သာခေါင်ရဲ့ ဟိုဟာလိုချင်လည်းလျှောက်လိုက်၊ ဒီဟာလိုချင်လည်းလျှောက်လိုက် နဲ့ မရရင် နင့်မှာက ဆရာတော်ဘုရား၊ ဆရာတော်ဘုရားနဲ့ နင့်အဖြစ်က ငယ်ငယ်ကနို့စို့ကလေး မုန့်ဖိုး တောင်းသလိုဖြစ်နေပြီဟ၊ ဒီအသက်အရွယ်လည်းရောက်နေပြီ ကလေးဆိုးကြီးလုပ်မနေနဲ့တော့၊ ကိုယ့် အသက်အရွယ်နဲ့ ဟိုဟာလိုချင်ရတာနဲ့၊ ဒီဟာဖြစ်ချင်ရတာနဲ့ မင်းမလဲ ဗျာများလိုက်တာဟယ်။ အသက် လည်း ၅၀ ကျော်နေပြီ။ တရားဘာဝနာလည်းလုပ်ပါဦးဟ” ဆိုပြီး မိန့်ခဲ့ဖူးပါတယ်။ အခုတော့ ဒီအဖြစ်နဲ့ လားလားတူနေပါတယ်။ ဟိုဟာလိုချင်လည်း ပြဿနာတစ်ခုခုအကြောင်းပြ ပြည်သူကို အုံကြွအောင် လုပ်လိုက်၊ ဒီပြဿနာအကြောင်းပြ ဆူပူဆန္ဒပြလိုက်နဲ့ ဘုန်းကြီးပြောသလိုပဲ သာခေါင်ကြီးလို ကလေးဆိုး အဖြစ်မျိုးနဲ့ တူနေပါတယ်။

ယခုအချိန်တွင် စည်းရုံးသိမ်းသွင်းမှုများက အတော်အထမြောက်တော့ နားမလည်သော ပြည်သူများ က အဘိုး၏ အဖေလက်ထက်က ပိုင်ခဲ့သည့်မြေများဖြစ်သည်ဟု ဆိုသူက ဆိုကြပါသည်။ အဖေ၏ အဘိုး လက်ထက်ကတည်းက နေထိုင်ကြသည့်အတွက် ၎င်းတို့ပိုင်ဆိုင်သည်ဟု ဆိုသူများက ဆိုကြသည်။ ၎င်းတို့ကို မြှောက်ပင့်သွေးထိုးသူများသည် ဥပဒေထက် ဆူပူမှုကို ဘယ်လိုဖန်တီးရသည်ဆိုသည်ကိုသာ ရှင်းပြသည်။ ရက်ရှည်ကြာလာနှင့်အမျှ ကျူးကျော်အိမ် ၂၀ မှ ၂၀၀ ဖြစ်လာသည်။ ပြဿနာမှရှင်းမရတော့။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ရှေ့နေနှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးမြတ်သူကျော်က မြေယာကိစ္စ ဆိုတာ ဘယ်နိုင်ငံ၊ ဘယ်ခေတ်မှာမဆို နိုင်ငံရေးသမားတွေအသုံးချတဲ့ပြဿနာပဲ။ ခင်ဗျားတို့နေတဲ့မြေကို ခင်ဗျားတို့ရစေရမယ်လို့ပြော အားလုံးလက်ခံမှာပဲ။ ဒီတော့ သူတို့နဲ့နီးစပ်သူတွေ သူတို့အကြောင်း ကောင်းကောင်းသိပြီး လုပ်စားတတ်သူတွေက အခွင့်အရေးယူလာတတ်တဲ့အခါမှာ ပဋိပက္ခတွေဖြစ်လာတာ ပေါ့ဟု ရှင်းပြခဲ့သည်။ မြေယာပိုင်ဆိုင်မှုများအကြောင်းပြပြီး ဆူပူမှုဖြစ်စေလိုသူများသည် လယ်ယာမြေ၊ ကျူးကျော်မြေများမှတစ်ဆင့် ယခုအခါ စက်မှုဇုန်မြေများအထိ နယ်ပယ်ချဲ့ထွင်လာသည်။ စက်မှုဇုန် မြေနေရာဝယ်ထားသူများ၏ မြေကွက်များအတွင်း လူများအိမ်ဆောက်ခြင်း၊ လာရောက်ကျူးကျော် နေထိုင်ခြင်းများရှိလာသည်။ ဖယ်ခိုင်းပါက တရားဥပဒေအတိုင်းရင်ဆိုင်မည်။ မဟုတ်ပါက လျော်ကြေးပေးဟု တောင်းဆိုလာကြသည်။

ကျွန်တော့်အကွက်ထဲမှာ လူတွေနေနေကြတယ်ဆိုတာ သူများပြောမှသိလိုက်ရတယ်။ သွားကြည့် တော့ ထရံကာ၊ ဓနိမိုးအိမ်က ၃ လုံး ဘာလို့နေကြတာလဲ၊ ဖယ်ပေးပါဆိုတော့ ဒါဟာသူတို့မြေ၊ ဖယ်စေချင်ရင် ၁၅ သိန်းလျော်ကြေးပေး၊ မဟုတ်ရင် တရားဥပဒေအရရှင်းမယ်ဆိုပြီးပြောတယ်။ အိမ်ကို ကြည့်လိုက်တော့ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ တံဆိပ်ကပ်ထားတယ်။ စက်မှုဇုန်များတွင် မြေကွက်ဝယ်ယူ ထားသူများအနေဖြင့် ၎င်းတို့ဝယ်ယူထားသော မြေကွက်များအတွင်း အစောင့်များချထားရသည်အထိ အခြေအနေဆိုးရွားလျက်ရှိသည်ဟု သိရသည်။ မြေယာပိုင်ဆိုင်မှုပြဿနာများကို အရပ်သားလုပ်ငန်းရှင် ပြည်သူများသာမက တပ်မတော်နှင့် အခြားငြိမ်းချမ်းရေးအဖွဲ့များပင် ရင်ဆိုင်ရလျက်ရှိသည်။ တပ်ကို ဒီမှာ စဖွင့်တုန်းက နေရာအတော်များများက ခြုံတွေ၊ တောင်တွေဖုံးနေတော့ ဒေသခံအလုပ်သမားတွေငှားပြီး စိုက်ပျိုးမြေဖြစ်အောင် လုပ်ခဲ့တယ်။ အခုတော့ အရင်တုန်းက ငှားရမ်းခနဲ့ အလုပ်လုပ်တဲ့သူတွေက ပိုင်ဆိုင်သူဆိုပြီး ပြောလာတယ်။ သူတို့နဲ့အတူ ဒီမြေတွေမှာလာပြီး အခြေချတဲ့သူတွေလည်း သူတို့ ပိုင်ပါတယ်ဆိုပြီး လုပ်လာတယ်။ ရှင်းမယ်ဆိုတော့ နိုင်ငံရေးပါတီအဖွဲ့အစည်းက လူတွေကိုခေါ်လာတယ် ဟု ခြေလျင်တပ်ရင်းတစ်ခုမှ တပ်ရေးဗိုလ်ကြီးက အခြေအနေကို ရှင်းပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးအနေဖြင့် တပ်မတော်မှသိမ်းဆည်းထားသည့်မြေယာများတွင် မလိုအပ်ဘဲ သိမ်းထားသည့်မြေယာများရှိပါက တိုင်ကြားနိုင်ပြီး တိုင်ကြားမှုကို သုံးသပ်၍ ပြန်လည်ပေးအပ်သွားရန် ညွှန်ကြားထားသည်။ တိုင်ကြားလာသည့်အမှုများမှလည်း စိစိစစ်စစ်လုပ်ဖြေရှင်းပြီး အခြေအနေများကို မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ပေးလျက်ရှိသည်။ သို့သော် ထိုအခြေအနေများသည် နိုင်ငံရေး သမားများ၏ နိုင်ငံရေးလှည့်ကွက်တွင် ကွယ်ပျောက်လျက်ရှိသည်။

မြေယာပိုင်ဆိုင်မှုကြောင့် ကမ္ဘာတွင်စစ်ပွဲများဖြစ်ပွားရသည်။ အငြင်းပွားမှုဖြင့် ပြည်တွင်း အဓိကရုဏ်း များ နိုင်ငံတကာတွင် ဖြစ်ပွားနေသည့် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်သူများ၏ပစ်မှတ်မှာ မြေယာကို အကြောင်းပြ၍ အစိုးရ၊ တပ်မတော်အပါအ၀င် အဖွဲ့အစည်းအားလုံးနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွား နေပြီး အကြီးမားဆုံး အဓိကရုဏ်းကြီးတစ်ခု နိုင်ငံအနှံ့ဖြစ်ပေါ်စေရန် ဖြစ်လာသည်။

ယခုတော့ စက်မှုဇုန်များ၊ ပိုင်ဆိုင်သည့်မြေယာများတွင် မြေစောင့်တဲများ၊ မြေစောင့်ကင်းများဖြင့် လှုပ်ရှားလျက်ရှိပြီး မြေပိုင်ရှင်အစစ်အမှန်များ၊ နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများ၊ ကျူးကျော်သူများဖြင့် ခေတ်သစ်စစ်ပွဲတစ်ခုအလား ဖြစ်လို့နေတော့သည်။

ဆက်လက်၍ပြည်သူများအား နိုင်ငံရေးသမားဟူသော ဝေါဟာရနှင့် တပ်မတော်သားဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ကို အကျယ်ဖွင့်ပြရဦးမည်။

နိုင်ငံရေးသမားဟူသည် မိမိသိသောပညာ၊ အတတ်တို့ဖြင့် မိမိ၏ ကောင်းကျိုးကိုသော် လည်းကောင်း၊ တိုင်းပြည်၏အကျိုးကိုသော်လည်းကောင်း ကောင်းသထက်ကောင်းမွန်အောင် ပြုနေသူများ ဖြစ်ပါသည်။ ကိုယ်ကျိုးရော၊ တိုင်းပြည်ကျိုးရောပါ ထမ်းဆောင်နေသူများဖြစ်ပါသည်။ အခြေခံဥပဒေများကို ပူးပေါင်းညှိနှိုင်းရေးဆွဲကာ ပြည်သူများ၏ အလိုဆန္ဒနှင့် ထပ်တူပြု မဲဆန္ဒခံယူကာ တိုင်းပြည်အကျိုးကို သယ်ပိုးသူများဖြစ်ပါသည်။ သို့သော် ဤသို့ပြုလုပ်ရာ၌ မိမိ၏ရလဒ်ပေါ်မူတည်၍ အခွင့်အာဏာကို အသုံးပြု ကာ လမ်းကြောင်းမမှားရန် လိုအပ်ပေသည်။

တပ်မတော်သားဟူသည်မှာ မိမိအကျိုးကိုရော၊ တိုင်းပြည်အကျိုးကိုပါမကျန် မည်သူတစ်ဦး တစ်ယောက်ကိုမှ မငဲ့ကွက်၊ မိမိအသက်ကိုပင် ပဓာနမထားဘဲ အသက်ကိုစွန့်ကာ တိုင်းပြည်ကို ကာကွယ် နေသူပင်ဖြစ်သည်။ အတ္တကို မဖက်တော့ဘဲ မည်သူတွေမည်သို့ဖြစ်နေစေကာမူ “တစ်ခဏစွန့်သူများ မဟုတ်ဘဲ၊ အမြဲနိယာမ စွန့်လွှတ်စွန့်စားနေသူများ” ဖြစ်ပါသည်။

အနှစ်ချုပ်ဆိုရသော် မြေယာကိစ္စများကို ပြန်ကြည့်မည်ဆိုရင် မိဘက သားသမီးကို မုန့်ဖိုးပေးပြီးမှ ပြန်တောင်းသလို ဖြစ်ရပ်နှင့် အလားသဏ္ဍာန်တူနေတော့ပေမည်။ နိုင်ငံမြေကွက်ဧရိယာအနည်းငယ် မဆိုထားဘိ တိုင်းပြည်တစ်ခုလုံးကိုပါ ကာကွယ်စောင့်ရှောက်နေသူအဖို့ ထပ်မံပြောစရာပင် လိုတော့မည် မဟုတ်ကြောင်း ပြည်သူ၊ ပြည်သားများသိမြင်စေရန် ရေးသားလိုက်ရပါသည်။

ဧရာဝတီ(အင်းမ)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်