Tuesday, June 11, 2013

တရုတ်နိုင်ငံမှ အရှည်ကြာဆုံး အာကာသခရီးကို စတင်

Posted by drmyochit Tuesday, June 11, 2013, under | No comments


ဘေဂျင်း၊ဇွန် ၁၁။

တရုတ်နိုင်ငံသည် ယနေ့တွင် ၎င်းတို့နိုင်ငံမှ လွှတ်တင်ခဲ့သည့် အာကာသခရီးတွင် အရှည်ကြာဆုံးခရီးတစ်ခု စတင်မည်ဖြစ်ပြီး အာကာသ ယာဉ်မှူးများတွင် ဒုတိယမြောက် အမျိုးသမီးအာကာသယာဉ်မှူး ပါဝင်မည်ဖြစ်ကာ နိုင်ငံ၏တိုးတက်လာသော အင်အားပြယုဂ်တစ်ခုအဖြစ် ရည်ရွယ်ချက်ကြီးမားသော အာကာသခရီးစဉ်ကို ထပ်တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အာကာသယာဉ်ရှန်ကျိုး-၁၀ကို ကိုဘီသဲကန္တာရအတွင်းရှိ ဂျူကွန်အာကာသယာဉ်လွှင့်တင်စခန်းမှ ဂရင်းနစ်စံတော်ချိန် ၉နာရီ၃၈တွင် လွှတ် တင်မည်ဖြစ်သည်။

အာကာသယာဉ်မှူးသုံးဦးလိုက်ပါမည်ဖြစ်ပြီး အာကာသတွင် ၁၅ ရက်ကြာနေထိုင်ရန် စီစဉ်ထားကြောင်း အစီအစဉ်ပြောရေးဆိုခွင့်ရှိသူ ဝူပင်းက ဆိုသည်။

ဘေဂျင်းအစိုးရသည် ယခု ဒေါ်လာဘီလျံများစွာ ကုန်ကျထားသည့် အာကာသအစီအစဉ်ကို နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့် ၎င်းတို့၏ ကမ္ဘာပေါ်တွင်အရေးပါလာမှု တိုးတက်လာခြင်း အမှတ်အသားအဖြစ်မြင်ပြီး တချိန်က ချွတ်ချုံကျခဲ့သည့်နိုင်ငံ၏ ကြမ္မာကို လှည့်ပြောင်းပေး ရာတွင် လက်ရှိအုပ်စိုးနေသည့် ကွန်မြူနစ်ပါတီ၏အောင်မြင်မှုအဖြစ်လည်းမြင်ကြသည်။

နိုင်ငံပိုင်မီဒီယာတွင်လည်း အာကာသခရီးစဉ်နှင့် သက်ဆိုင်သည့် သတင်းများနှင့် ပြည့်နှက်နေပြီး အာကာသယာဉ်မှူးများ၏အကြောင်းများနှင့် ပုံများသည် နိုင်ငံတွင်းရှိမီဒီယာတိုင်းနီးပါးတွင် မျက်နှာဖုံးပုံများနှင့်ဖော်ပြထားကြသည်။

ခရီးစဉ်တွင်လိုက်ပါမည့် အာကာသယာဉ်မှူးတစ်ဦးသည် ခရီးစဉ်အတွင်းဗီဒီယိုမှတဆင့် ကျောင်းသားများကို သင်ခန်းစာများကိုလည်း ပြသ မည်ဖြစ်ကြောင်း အရာရှိများက ဆိုသည်။

ယခုလွှတ်တင်မည့် ရှန်ကျိုး-၁၀သည် အာကာသဓာတ်ခွဲခန်း ထျန်ဂေါင်-၁ နှင့်ချိတ်ဆက်နားမည်ဖြစ်ပြီး အာကာသယာဉ်မှူးများသည် အထဲသို့ ဝင်ရောက်ကာ အာကာသနည်းပညာစမ်းသပ်မှုများလုပ်ဆောင်ကြမည်ဖြစ်သည်။

တရုတ်သည် လူလိုက်ပါသည့် အာကာသခရီးစဉ်ကို ၂၀၀၃ခုနှစ်တွင်စတင်ခဲ့ပြီး အာကာသပိုင်းဆိုင်ရာတွင် အမေရိကန်နှင့် ရုရှားတို့ နောက် တွင် ရောက်နေခဲ့သည်။

သို့သော်လည်း အစီအစဉ်သည် မြင့်မားစွာမှန်းထားပြီး လပေါ်လူရောက်ရှိရေးကို စီစဉ်ထားပြီးဖြစ်ကာ ၂၀၂၀တွင် ကမ္ဘာကိုလှည့်ပတ်နေသည့် စခန်းတစ်ခုတည်ဆောက်ရန် စီစဉ်ထားသည်။

တချိန်တည်းတွင် အာကာသနယ်ပယ်တွင် သက်တမ်းရှည်ခေါင်းဆောင်ဖြစ်သည့် အမေရိကန်သည်လည်း အာကာသယာဉ်များကို လုပ်ငန်းမှ ဖယ်ရှားခြင်းကဲ့သို့သော ၎င်းတို့၏ အချို့လုပ်ငန်းများကို လျှော့ချခြင်းများ လုပ်ဆောင်ခဲ့သည်။

အမှီအခိုကင်းအာကာသလေ့လာသူ မောရစ် ဂျူံးစ်က ရှန်ကျိုး-၁၀သည် ယခင်လွှတ်တင်ခဲ့သည့် တရုတ်လုပ်အာကာသယာဉ်များထက်ပို၍ ရှုတ်ထွေးကြောင်း ဆိုသည်။

“ရှည်ကြာပြီး ရှုတ်ထွေးတဲ့ ခရီးစဉ်သွားနိုင်တယ်ဆိုတာက တရုတ်အာကာသအစီအစဉ်ဟာ လုံးဝရင့်ကျက်တဲ့အဆင့်ကို ရောက်ရှိပြီဆိုတာ ပြသတယ်လို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ဆိုသည်။

“သူတို့ဟာသူတို့ကိုယ်ပိုင် အာကာသစခန်းကို တည်ထောင်ဖို့အတွက် လိုအပ်တဲ့ အခြေခံလုပ်ငန်းတွေကို အရမ်းကို တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နေကြပါတယ်” ဟု ဆက်လက်ပြောကြားသည်။

Ref:AFP
@ မြန်မာ့ခေတ်

တစ်နှစ်ထက် တစ်နှစ် စံချိန်ချိုးနေသည့် ရန်ကုန်မြို့ရှိ မုဒိမ်းမှု

Posted by drmyochit Tuesday, June 11, 2013, under | No comments

၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းမှ မေလကုန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မုဒိမ်းမှုဖြစ်ပေါ်မှုမှာ ယမန်နှစ် တစ်နှစ်တာ စာရင်း၏ ထက်ဝက်နီးပါးခန့် ရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။

၂၀၁၂ ခုနှစ် တစ်နှစ်တာအတွင်း မုဒိမ်းမှု (၁၃၅) မှုဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေလကုန်အထိ မုဒိမ်းမှု (၆၁) မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

"အခုဆို ကလေးငယ်တွေကို အဓမ္မပြုကျင့်တဲ့အမှုတွေ ဘယ်သတင်းစာကိုင်ကိုင်မြင်နေရတယ်။ အသိပညာပေး မှုတွေ၊ ထိရောက်တဲ့အရေးယူမှုတွေလုပ်သင့်တယ်။ အရေးယူမှုက ထိရောက်မှုမရှိလို့သာ ဒီလိုဖြစ်တာတွေ ပိုများလာတာဖြစ်နိုင်တယ်"ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မုဒိမ်းမှု ကျူးလွန်သူများသည် အရွယ်ရောက် အမျိုးသမီးများသာမက အရွယ်မရောက်သေးသည့် အမျိုးသမီး ငယ်များကိုပါ ကျူးလွန်ကြသည့်အပြင် ဖခင်မှ သမီး အရင်းကိုလည်းကောင်း၊ ပထွေးမှ မယားပါသမီးကိုလည်း ကောင်း၊ ဆွေမျိုးအရင်း အချင်းချင်းကိုလည်းကောင်း ကျူးလွန်မှုများရှိလာကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“မုဒိမ်းမှုအကြောင်းတွေ ခဏခဏ မီဒီယာကမေးလို့ ဖြေရပေါင်းလည်းမနည်းသလို ဖြေရှင်းရတဲ့အမှုကလည်း မုဒိမ်းမှုတွေဘဲလေ၊ ပညာပေးမှုအားနည်းတာတွေ ၊ အရက်သေစာသောက်စားပြီး မူးနေတဲ့အပိုင်းကိုလည်း ကန့်သတ်မှုအားနည်းတယ်။ အများပြည်သူကြည့်တဲ့ တီဗီတွေကနေတောင်မှ ကြော်ငြာနေကြတာ ဆိုတော့လည်း ဘယ်လိုပညာသွားပေးကြမှာလဲ” ဟု လသာမြို့နယ်မှ ရှေ့နေတစ်ဦးက သုံးသပ်ပြောဆိုသည်။

မြို့နယ် အချို့တို့တွင်လည်း ကလေးသူငယ်များအားရွေးချယ်၍  မုဒိမ်းကျင့်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း   ပြည်တွင်းဂျာနယ်အချို့၏ ဖော်ပြပါရှိချက်များအရ သိရှိရသည်။

၂၀၁၃ ခုနှစ်အတွင်း မေလကုန်အထိဖြစ်ပွားခဲ့သော မုဒိမ်းမှုများတွင် အရွယ်မရောက်သေးသည့် မိန်းကလေး ငယ်များကို အဓမ္မပြုကျင့်ခံရမှု (၂၉) မှုရှိပြီး အသက်  ၁၀ နှစ်အောက် မိန်းကလေးငယ် ပြုကျင့်ခံရမှု (၇)မှု ရှိကြောင်း သိရှိရသည်။

ဇော်မျိုးဦး (မြစ်မခ)

ပြည်သူ့ရင်ပြင်တွင် ရေကစားနေသူကို ရဲက ဓားဖြင့်ထိုး

Posted by drmyochit Tuesday, June 11, 2013, under | No comments

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အပန်းဖြေ ဥယျာဉ် အတွင်းရှိ ရေလွှာ လျှောစီး ကစားကွင်းတွင် ဇွန်လ ၉ ရက်ညနေ ၅ နာရီခန့်က ရေကစားနေသူ တစ်ဦးကို ရဲတပ်သားတစ်ဦးက ဓားဖြင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ပြည်သူ့ရင်ပြင် ရေလွှာလျှောစီး ကစားကွင်းတွင် မအေးထူး (ခ) မဂျူးဝေနှင့် သူငယ်ချင်း ခုနစ်ဦး ရေကစားနေစဉ် ၂၄ နှစ်အရွယ် ရဲတပ်သား ဇင်မင်းသူက မအေးထူး (ခ) မဂျူးဝေကို ရေဖြင့်ပက်၍ စနောက်ရာ မအေးထူးနှင့် အတူ လိုက်ပါလာသည့် သူငယ်ချင်းများနှင့် စကားများ ရန်ဖြစ်စဉ် ရဲတပ်သားက အသင့်ယူလာသည့် ဓားဖြင့် သူငယ်ချင်း တစ်ဦးဖြစ်သူ အသက် ၂၈ နှစ် အရွယ် ကိုမျိုးမင်းဇော်၏ ဝမ်းဗိုက်ကိုထိုးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓားဖြင့်ထိုးသူ ရဲတပ်သားသည် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ တိုင်းအကူ တပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၁) တွင် တာဝန်ကျနေသူ ဖြစ်ပြီး မိမိ၏ သဘောဆန္ဒဖြင့် တာဝန်ချထားသည့် နေရာမှ ထွက်ခွာကာ ပြည်သူ ရင်ပြင်တွင် သွားရောက် ရေကစားနေခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ဓားဖြင့် ထိုးခံရသူကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ကုသလျက် ရှိပြီး ရဲတပ်သားကို (ပ) ၁၉၂/၁၃၊ ပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကာ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနှင့်ပါ ထပ်မံ အရေးယူသွားမည်
ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးရန် သမ္မတ ဦးသိန်းစိန် ပြောကြား

Posted by drmyochit Tuesday, June 11, 2013, under | No comments

မလေးရှားရှိ မြန်မာများအတွက် အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးရန် မလေးရှား နိုင်ငံသို့ သွားရောက်မည့် မြန်မာအထူး ကိုယ်စားလှယ် အဖွဲ့အား သမ္မတ ဦးသိန်းစိန်က တွေ့ဆုံမှာကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ အကြမ်းဖက် အသတ်ဖြတ်ခံနေရမှုနှင့် စပ်လျဉ်း၍ လေ့လာစုံစမ်းမှုများ ပြုလုပ်သွားရန် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ အလုပ်သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆောင်သည့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ ဇွန် ၁၁ ရက် ညနေပိုင်းတွင် မလေးရှား လေကြောင်းလိုင်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့တွင် ပြည်ပအလုပ်အကိုင် အေဂျင်စီ အသင်းချုပ်မှ ခြောက်ဦးလည်း ပါဝင်မည်ဖြစ်ပြီး အေဂျင်စီ ကိုယ်စားလှယ် တစ်ဦးမှာ ရှေ့ပြေးသွားရောက်ပြီး ဖြစ်ကြောင်း သိရသည်။

"ဒီအထူး ကိုယ်စားလှယ် အဖွဲ့ရဲ့ လေ့လာတင်ပြချက်တွေပေါ် မူတည်ပြီး အစိုးရ အနေနဲ့ လိုအပ်တာ မှန်သမျှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မိမိ နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ လုပ်လို့ရတာ အကုန်လုပ်ဖို့၊ လုပ်နိုင်တာ အကုန်လုပ်ဖို့ သမ္မတကြီးကိုယ်တိုင် ပြောကြားထားပါတယ်။ ပထမဆုံး ဖြစ်စဉ်တွေ ဖြစ်လာချိန်မှာ နိုင်ငံအချင်းချင်း ဆက်ဆံရေးဆိုင်ရာ ကွန်ဗင်းရှင်းတွေနဲ့အညီ သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက် ရပါတယ်။ မိတ်ဆွေနိုင်ငံရဲ့ ဖြေရှင်းဆောင်ရွက် မှုတွေကိုလည်း စောင့်ကြည့်ရပါတယ်။ ဆက်လက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မူတည်ပြီး အခုလို ဖြစ်စဉ် ဖြစ်ရပ် အမှန်တွေကို တိတိကျကျ သိရှိနိုင်ဖို့၊ မိမိနိုင်ငံ သားများကို ခိုင်ခိုင်မာမာ အကာအကွယ် ပေးနိုင်ဖို့ ခုလိုစေလွှတ်လိုက်တာ ဖြစ်ပါတယ်" ဟု နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

"မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံ သားတွေကိုယ်စား ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေ၊ အစိုးရချင်း ညှိနှိုင်းဆောင်ရွက် ပေးစေလိုတဲ့ အချက်တွေကို ဒီအထူး ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်သွယ်ပြီး ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာ အသိပေးကြဖို့ အရေးကြီးပါတယ်။ တချို့ဖြစ်ရပ်တွေ၊ လိုအပ်ချက်တွေကို အကုန်အစင် အသေးစိတ် သိရှိနိုင်ဖို့ ခဲယဉ်းနိုင်တာကြောင့် ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် မေ ၃၀ ရက်မှ ဇွန် ၈ ရက်အထိ သေဆုံးသူဦးရေ ၆ ဦး ရှိသွားပြီဖြစ်ပြီး အတွင်းလူနာအဖြစ်
ဆေးရုံတင်ထား ရသူဦးရေမှာ ၁၂ ဦး ရှိသွားပြီဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ ကပုန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။

EMG

လက်ပံတောင်းစီမံကိန်း ဆန်ကျင်ဆန္ဒပြသူများကို နိုင်ကျဉ်းစာရင်းတွင် သွင်းမည်

Posted by drmyochit Tuesday, June 11, 2013, under | No comments


လက်ပန်းတောင်းတောင် ဒေသခံ လယ်သမားများ ဆန္ဒပြစဉ်

 နိုင်ငံရေးနှင့် ဆက်စပ်ပြီး ထောင်ကျပါက မည်သည့်ပုဒ်မနှင့်ကျသည်ဖြစ်စေ စီစစ်သွား မည်ဖြစ်ပြီး လက်ပံတောင်းေ ကြးနီ စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြရာမှ ပြစ်ဒဏ်ချခံရသူများကို နိုင်ငံရေး အကျဉ်းသားစာရင်းတွင် ထည့်သွင်းဖော်ပြမည်ဟု နိုင်ငံရေး အကျဉ်းသား ပြန်လည်စီစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးညိုထွန်း က ပြောသည်။

”ကျွန်တော်တို့ စီစစ်ထားတဲ့ ၁၅ဝ ဝန်းကျင်ကိုလာမယ့် တနင်္လာ၊ အင်္ဂါနေ့ကျရင် အတွင်းရေးမှူးရုံးကို ပို့လိုက်ပါမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လက်နက်ကိုင် အဖွဲ့အစည်းတွေက များတယ်ဗျ။ အခု နောက်ဆုံးတိုးတာက လက်ပံတောင်း ကိစ္စမှာ ပုဒ်မ ၁၈ နဲ့ကျတဲ့ ကိုမြင့်အောင်တို့ အုပ်စုပဲ၊ လက်ပံတောင်းကိစ္စနဲ့ကျတဲ့ တခြားလူတွေလည်းပါပါတယ်” ဟု ကိုညိုထွန်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသား စာရင်းကို အခြားအဖွဲ့များက အရေအတွက်မည်မျှ တင်ပြမည်ကို မသိရှိရသေး သော်လည်းကော်မတီအနေဖြင့် လွှတ်ပေးနိုင်ခွင့်မရှိဘဲ၊ စီစစ်ပိုင်ခွင့်သာရှိကြောင်းလည်း သူက ပြောသည်။

”နစက (နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ်) တွေကကျတော့ နိုင်ငံရေးသမားမဟုတ်ဘူး။ သို့သော်နိုင်ငံရေးအငြိုးနဲ့ ချထားတာဖြစ်တယ်။ ကန့်လည်း မကန့်ကွက်ဘူး။ ထောက်လည်း မထောက်ခံဘူး။ သမ္မတ သဘောပါ” ဟု ဆိုသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က နိုင်ငံရေးအကျဉ်းသား ၂ဝဝ နီးပါးရှိနိုင်သည်ဟု သုံးသပ်ထားပြီး
မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့၊ တရားစွဲဆိုရေးအဖွဲ့ကသာသိနိုင်မည်ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က ပြောသည်။

”နိုင်ငံရေးသမားကို ရာဇဝတ်ပုဒ်မနဲ့ ထောင်ချတာလည်းရှိတယ်။ နိုင်ငံရေးသမား မဟုတ်ဘဲ တိုင်းရင်းသား နယ်ပယ်တွေမှာ တောင်ယာလယ်လုပ်ဓါးမခုတ်နဲ့ ဖမ်းခံရတဲ့ ၁၇ (၁) (မတရားအသင်းပုဒ်မ)နဲ့ ဖမ်းခံရတာ
တွေလည်း တစ်ပုံကြီး ဆွဲချက်အမျိုးမျိုး တင်ပြီး နစ်နာတဲ့သူတွေဟာလည်း ထောင်အသီးသီးမှာရှိတယ်။ စာရင်းက မငြိမ်နိုင်ဘူး” ဟု ပြောသည်။

လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီ ဖွဲ့စည်းရန် သမ္မတက ဖေဖေါ်ဝါရီလ ၆ ရက်တွင် တာဝန်ပေးခဲ့ပြီးနောက် ၂ဝ၁၃ ခုနှစ် မေ တွင် စုစုပေါင်း ၁၉ ယောက်အား တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဝန်ကြီးဦးစိုးသိန်းဖြစ်ပြီး ၈၈ အဖွဲ့မှ ဦးကိုကိုကြီး၊ံ ouse of Entertainment မှ ဦးသူရ (ဇာဂနာ)၊ NLD မှ ဦးဉာဏ်ဝင်း၊ နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဦးဘိုကြည်၊နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ဦးညိုထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦး၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွှန့် စသည့်တို့ ပါဝင်သည်။

နောက်ဆုံး အကြိမ် မေလ ၁၇ ရက်လွှတ်ပေးမှုတွင် အင်းစိန်၊ တောင်ငူ၊ လားရှိုး၊ ပုသိမ်၊ မန္တလေးအိုးဘိုထောင်၊ သာယာဝတီ ထောင်များမှ နိုင်ငံရေးအကျဉ်းသား ၂၃ ဦး လွှတ်မြောက်ခဲ့ကြသည်။

နေမျိုး
မဇ္စျိမသတင်းဌာန

လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဇနီးဖြစ်သူ ဓားဖြင့်ခုတ်၍ ခင်ပွန်း သေဆုံး

Posted by drmyochit Tuesday, June 11, 2013, under | No comments

ပုသိမ်   ဇွန်    ၁ဝ

ဧရာဝတီတိုင်း ဒေသကြီး မအူပင် မြို့နယ်  ခြောက်ရွာကျေးရွာ အုပ်စု ရွှေပြည်သာ ကျေးရွာ၌   ယမန်နေ့ ညနေပိုင်းက ဇနီးဖြစ်သူမှ ခင်ပွန်းအား ဓားဖြင့်ခုတ်၍ သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၃ နာရီက မအူပင် မြို့နယ် ခြောက်ရွာ ကျေးရွာ အုပ်စု ရွှေပြည်သာ ကျေးရွာနေ ဦးညွန့်ဝေ ၃၄ နှစ်(ဘ) ဦးဟန်ညွန့်အား ၎င်း၏ဇနီး မယဉ်လှ ၃ဝ နှစ် (ဘ)ဦးမြဝင်းက လှေမည်သည့် နေရာတွင် ထားကြောင်း မေးမြန်းရာ   ဦးညွန့်ဝေက မသိရှိကြောင်း ပြောရာမှ လင်မယားချင်း စကားများ ရန်ဖြစ်ခဲ့ရာ မယဉ်လှက နေအိမ်၌ အသင့်ရှိသော ဓားအသွား ၂၂ လက်မ၊  အရိုး အရှည် ၁၂ လက်မခန့်ရှိ မြက်ခုတ်ဓားဖြင့် ခုတ်ခဲ့သည်။

ထို့ကြောင့် ဦးညွန့်ဝေ၏ လည်ပင်းယာဘက် လေပြွန်အထိ ပြတ်ရှဒဏ်ရာ ရရှိ သေဆုံး သွားသဖြင့် ခြောက်ရွာ အုပ်ချုပ်ရေးမှူး ဦးလှမြင့်၏ တိုင်တန်းချက် အရ ရွှေတောင်မှော် ရဲစခန်းမှ (ပ)၁၇/၁၃၊ ပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်ပြီး တရားခံ မယဉ်လှအား ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။

From: မြ၀တီ

မလေးရောက် မြန်မာနိုင်ငံသားတွေကို အစိုးရက လုံးဝမမေ့ထားဘူးဟု ဦးရဲထွဋ်မှ ပြောကြား

Posted by drmyochit Tuesday, June 11, 2013, under | No comments

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားတွေ လုံခြုံရေးနဲ့ပတ်သက်ပြီး ညှိနှိုင်း ဆောင်ရွက်ဖို့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ မလေးရှားနိုင်ငံကို စေလွှတ်မှာဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပြည်ထောင်စုဒုဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ နှစ်နိုင်ငံညှိနှိုင်းနေတုန်းလို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

နှစ်နိုင်ငံညှိနှိုင်းနေတယ်ဆိုတော့ အမြန်ဆုံးက ၁-၂ ပတ်အတွင်း ဖြစ်နိုင်လား၊ ၁-၂ ရက်အတွင်းဖြစ်မလား။
“နှစ်ဖက်ညှိနှိုင်းမှုအပေါ် မူတည်တယ်။ သံတမန်ကိစ္စဆိုတော့ ဘယ်နှရက်၊ ဘယ်နှလ ပြောဖို့ ခက်တာပေါ့နော်။ ကျနော်တို့ဘက်ကတော့ အမြန်ဆုံးလုပ်နိုင်အောင် လုပ်နေတာပေါ့။”
ကိုယ်စားလှယ်အဖွဲ့မှာ ဘယ်သူတွေပါနိုင်လဲ။
“အတည်မဖြစ်သေးလို့ မတင်သေးတာပါ၊ သိတာနဲ့ တင်ပေးပါမယ်။ ဟိုဘက်ဒီဘက်ညှိနေရသေးတာကိုး။”
အခု မလေးမှာဖြစ်နေတာက သိသလောက် ၁၂ ရက်လောက်ရှိသွားပြီ။ မြန်မာအစိုးရ ကိုင်တွယ်ပုံက နောက်ကျမနေဘူးလား။
ဦးရဲထွဋ်
“နောက်မကျပါဘူး။ မလေးရှားနိုင်ငံကလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုတော့ သူ့နိုင်ငံထဲမှာ ကျနော်တို့လုပ်စေချင်တာကို လုပ်ရတဲ့ သံတမန်နည်းလမ်းအဆင့်ဆင့်ရှိပါတယ်။ အဲအတိုင်းပဲ စဖြစ်ခါစ ပထမဆုံးမှာ သံရုံးက မသိဘူး။ သံရုံးက သိတော့ ၀င်လုပ်တယ်။ မရတဲ့အခါမှာ သတိထောက်လွှာပေးတယ်။ သွားရောက်တွေ့ဆုံ ဆွေးနွေးပြောပြတာ ရှိတယ်။ အခုတခါ ကျန်ကိစ္စတွေဆွေးနွေးဖြေရှင်းနိုင်ဖို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်ဖို့ လုပ်တယ်။ သူ့စနစ်အတိုင်း သွားတာပါပဲ။”
ပြောစရာတခုဖြစ်တာက မြန်မာအစိုးရက သတိထောက်လွှာပေးပြီး နောက်တနေ့မှာပဲ မလေးရှားမှာ မဆိုင်တဲ့သူတွေရော မလေးရှားရဲက လျှောက်ဖမ်းတာ၊ မြန်မာတွေ ၁၀၀၀ လောက် အဖမ်းခံရတယ်။ ဒါနဲ့ပတ်သက်လို့ရော မြန်မာအစိုးရက ဘယ်လိုကိုင်တွယ်သွားဖို့ ရှိပါလဲ။
“အဓိကက အဲနေရာမှာရှိတဲ့ တရားမ၀င်နေထိုင်သူတွေ မှန်သမျှကို ဖမ်းတာပါ။ အဲလိုလူတွေကပဲ ပြဿနာအများဆုံးဖြစ်ကြတယ်။ အုပ်စုတွေမှာ ဖြစ်ကြတယ်လို့
သူတို့ထင်မြင်လို့ အဲနေရာမှာ သွားဖမ်းတယ်။ မြန်မာနိုင်ငံသားပါသလို ကျန်တဲ့နိုင်ငံသားတွေလည်း ပါတယ်။ ဟိုမှာရောက်နေတဲ့ ဘင်္ဂါလီကလည်း မြန်မာနိုင်ငံသားပါလို့ ပြောတယ်လေ။ ကျနော်သိသလောက် အထောက်အထား ခိုင်လုံသူအများစုကိုတော့ လွှတ်ပေးလိုက်ပြီ။ ၉၀-၁၀၀ လောက်ကျန်တယ်။ နောက် ယူအန်အိတ်ခ်ျစီအာရ်ကထုတ်ပေးတဲ့ လက်မှတ်အတုကိုင်ထားသူတွေကိုလည်း ဖမ်းတယ်ပြောတယ်။ အဲဒါတွေလည်း စိစစ်နေပါတယ်။”
မလေးရှားရောက် မြန်မာအလုပ်သမားတွေ၊ အထောက်အထားမဲ့တွေပေါ့၊ သူတို့ပတ်စပို့တွေလည်း သက်တမ်းကြာသွားတော့ အိုဗာစတေးဖြစ်ကုန်တာပေါ့။ သူတို့တွေကလည်း ပြန်ချင်ကြတယ်။ သူတို့အတွက်ရော မြန်မာအစိုးရက ဘယ်လိုစီစဉ်ထားလဲ။
“ဒါတွေအားလုံး သုံးသပ်စဉ်းစားနိုင်ဖို့ ကိုယ်စားလှယ်အဖွဲ့တခုလွှတ်တာ။ ကိုယ်စားလှယ်အဖွဲ့မသွားခင် ဒါတွေ မှတ်ချက်ပေးလို့မရပါဘူး။”
မလေးမှာရှိနေတဲ့ ခိုကိုးရာမဲ့မြန်မာတွေ၊ တချို့တွေလည်း စိုးရိမ်ထိတ်လန့်နေတဲ့ မြန်မာအလုပ်သမားကလေးတွေကို ဦးရဲထွဋ်တို့ သမ္မတပြောရေးဆိုခွင့်ရှိသူ၊ တာဝန်ရှိသူအနေနဲ့ တစုံတခု မီဒီယာကနေ ပြောပေးပါ။

“သမ္မတကြီးလည်း မကြာခဏပြောပါတယ်။ မိမိတို့နိုင်ငံသားတွေ အားလုံးကို အစိုးရအနေနဲ့ ဘယ်နေရာမှာပဲရောက်နေရောက်နေ ကာကွယ်စောင့်ရှောက်ပေးမယ်။ သို့သော် မြေပြင်မှာရှိနေတဲ့ မလေးရှားသံရုံးနဲ့ လူအင်အားအခက်အခဲကြောင့်သော်လည်းကောင်း၊ ဆက်သွယ်ဆက်ဆံမှု အခြေအနေကြောင့်သော်လည်းကောင်း သူတို့မှာ အခက်အခဲရှိကောင်းရှိနိုင်တယ်။ ဒါတွေကိုလည်း သေချာပြင်ဆင်ပြီး အကူအညီပေးဖို့ ရှိပါတယ်။ မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အစိုးရအဖွဲ့က သူတို့ကို လုံးဝမမေ့ထားဘူး။ နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေ၊ သံတမန်နည်းလမ်းတွေအရနဲ့ ကူညီပေးဖို့ ဆက်လက်ကြိုးစားနေတယ်။ အကူအညီလိုအပ်ရင် သံရုံးကို ဆက်သွယ်ကြိုးစား၊ အကူအညီတောင်းဖို့ တင်ပြချင်ပါတယ်။”

မလေးရှားမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ မြန်မာ ၆ ဦး ရှိသွားပြီဖြစ်ပြီး အခုထိ သဂြိုဟ်ခွင့်မရသေးဘူးလို့ ကပုန်းနာရေးကုညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။ ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိပြီး ဒဏ်ရာပြင်းထန်သူ ၃ ဦး ရှိတယ်လို့လည်း သိရပါတယ်။

From:DVB

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း သမ္မတ တာဝန်ယူဖို့ ဆန္ဒရှိ

Posted by drmyochit Tuesday, June 11, 2013, under | No comments


အမေရိကန် ပြည်ထောင်စုကို ပထမဆုံးအကြိမ် လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ်နဲ့ ရောက်ရှိ လာတဲ့ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေနဲ့ အစိုးရအကြီးအကဲ သမ္မတတဦးအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ လွှတ်တော်ရေးရာ ကိစ္စရပ်တွေကို လေ့လာဖို့ ခရီးစဉ်တစိတ်တပိုင်းအဖြစ်နဲ့ ရောက်ရှိလာတဲ့ ခရီးစဉ်အတွင်း ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဦးရွှေမန်း ကအခုလို ပြောလိုက်တာပါ။

၂၀၁၅ ခုနှစ်မှာ နောက်တကြိမ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ သမ္မတအဖြစ် တာဝန်ယူဖို့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက်ကတော့ လက်ရှိ အခြေခံဥပဒေအရ ကန့်သတ်ခံထားရတာပါ။ ဒါပေမဲ့လည်း အများသဘောတူ လက်ခံတယ်ဆိုရင်တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ အချက်အလက်တွေကို သူ့အနေနဲ့ ကန့်ကွက်မှ မဟုတ်တဲ့အကြောင်းလည်း ဦးရွှေမန်း ကပြောပါတယ်။

သီတင်း ၂ ပတ်နီးပါးကြာ အမေရိကန် ခရီးစဉ်အတွင်းမှာတော့ လွှတ်တော်ရေးရာ တာဝန်ရှိသူတွေနဲ့အတူ ဦးရွှေမန်းဟာ အမေရိကန် လွှတ်တော်တွင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဖို့ရှိပြီး မြန်မာနိုင်ငံက လွှတ်တော်ရဲ့ အရည်အသွေး မြင့်မားအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို လေ့လာဖို့ ရည်ရွယ်ထားတာပါ။ လတ်တလောခရီးစဉ် အစနေ့အဖြစ် ဒေသစံတော်ချိန် တနင်္ဂနွေနေ့ နှောင်းပိုင်း မှာတော့ ၀ါရှင်တန် မြန်မာသံရုံးမှာ အမေရိကန်ရောက်   မြန်မာနိုင်ငံသားတွေ နဲ့ တွေ့ဆုံခဲ့ တာလည်း ဖြစ်ပါတယ်။

From:VOA

မလေးရှားတွင် ဆက်တိုက် တိုက်ခိုက်ခံရမှု မြန်မာနိုင်ငံသား ၆ ဦးထက်မနည်း သေ

မလေးရှား နိုင်ငံ၊ ကွာလာ လမ်ပူရှိ ဆေးရုံ တရုံမှ ဒဏ်ရာရ မြန်မာနိုင်ငံသား ၂ ဦး (ဓာတ်ပုံ – ဧရာဝတီ)

မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံ သားများသည် ဆက်တိုက် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု ခံနေရပြီး ယနေ့အထိ အသတ်ခံရသူ အနည်းဆုံး စုစုပေါင်း ၆ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အနီး ဆာလာရမ်း (Sealyang) ဒေသရှိ ဈေး၌ အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား တချို့ မေလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် တိုက်ခိုက် သတ်ဖြတ်ခံရပြီးနောက်၊ တခြား ဒေသများတွင်လည်း သတ်ဖြတ်ခံရသူ တချို့ ရှိကြောင်း၊ သို့သော် အလောင်းများးကို စုံစမ်းရှာဖွေနေဆဲ ဖြစ်ကြောင်း ကပုန်း နာရေးကူညီမှု အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ကိုယ်တိုင်တွေ့ထားတဲ့ အလောင်းက ၆ လောင်း ရှိပါပြီ၊ တခြား အသတ်ခံရသူ တချို့လည်း ရှိတယ်လို့ သတင်းပို့တာတွေလည်း ရှိတယ်။ ဒါပေမယ့် အလောင်းတွေကိုတော့ စုံစမ်းရှာဖွေနေဆဲပါ” ဟု ၎င်းက ဆိုသည်။

ထို လူသေ အလောင်းများသည်လည်း သီတင်း တပတ်ကျော်နေသည့်တိုင် မြန်မာနိုင်ငံသား ဖြစ်ကြောင်းကို မြန်မာသံရုံးက ထောက်ခံချက် မပေး၍ ယနေ့အထိ သင်္ဂြိုဟ်ခြင်း မပြုရသေးကြောင်း သိရသည်။

ကပုန်း နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ကိုဆန်းဝင်း ကလည်း “ဒီလူတွေက ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်နေတယ်။ ဒီတော့ အကြောင်း အမျိုးမျိုးကြောင့် သူတို့မှာ ပတ်စ်ပို့ မရှိဘူး။ တချို့ အလောင်းတွေက ပုပ်နေပြီ၊ မြန်မာတွေ အသတ်ခံနေရတာနဲ့ ပတ်သက်ပြီးလည်း သံရုံးက ထိထိရောက်ရောက် ကူညီပေးနေတာ ဘာမှ မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူများ၌ တရားဝင် ပတ်စ်ပို့ မရှိသော်လည်း ၎င်းတို့၏ မိသားစုများထံမှ သန်းခေါင်စာရင်းနှင့် အထောက်အထားများ ပေးပို့ထားကြောင်း၊ သို့သော် သံရုံးမှ ကူညီပေးမှု မရှိသေးကြောင်း၊ လူသေ အလောင်းများကို ဆေးရုံ၌  ထားရှိဆဲ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူများ သင်္ဂြိုလ်ခွင့် မရသေးခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ၏ ပြောခွင့်ရသူနှင့် ပြန်ကြားရေး ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က သေဆုံးသူ၏ မိသားစု သန်းခေါင်စာရင်း၊ နိုင်ငံသားလက်မှတ် စသည့် အထောက်အထားများ ခိုင်လုံစွာဖြင့် မလေးရှားနိုင်ငံတွင် သင်္ဂြိုလ်လိုသည်ဟု သေဆုံးသူ မိသားစုဝင်များ ကိုယ်တိုင် ဥပဒေအရ လျှောက်ထားရကြောင်း ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။

“အရင်က အလုပ်သမားတချို့ သေဆုံးတော့ မလေးမှာပဲ သင်္ဂြိုလ်လိုက်တော့ သက်ဆိုင်ရာ မိသားစုတွေက ကန့်ကွက်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိတယ်။ အထူးသဖြင့် အလုပ်ခွင်အတွင်း သေဆုံးတဲ့အခါ လျော်ကြေးဆိုင်ရာ အငြင်းပွားမှုတွေ ရှိခဲ့တယ်” ဟု ဒု ဝန်ကြီး ဦးရဲထွဋ်က ဆိုသည်။

သက်ဆိုင်ရာ မိသားစုများ အနေဖြင့် အိမ်ထောင်စုဇယား၊ ရပ်ကွက် ထောက်ခံချက်၊ နိုင်ငံကူးလက်မှတ် မိတ္တူ သို့မဟုတ် နိုင်ငံသား စိစစ်ရေး လက်မှတ် မိတ္တူ၊ အလုပ် လုပ်ကိုင်နေသည့် ကုမ္ပဏီ လိပ်စာများဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာနထံ လျှောက်ထားပါက မြန်မာသံရုံးမှ တဆင့် မလေးရှားအစိုးရကို လုပ်ထုံးလုပ်နည်းအရ အကြောင်းကြားပေးမည် ဖြစ်ကြောင်း ဒု ဝန်ကြီး ဦးရဲထွဋ်က ဆက်ပြောသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများ အရေးနှင့် ပတ်သက်၍လည်း အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တခု အမြန်ဆုံး စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရများ က ညှိနိုင်းဆောင်ရွက်နေကြောင်း သိရသည်။

ကွာလာလမ်ပူမြို့ရှိ စက်ရုံ၊ အလုပ်ရုံအများစု တည်ရှိရာ ရှမ်းလမ်းရှိ မြန်မာအမျိုးသမီး ၂ ဦးနှင့် ပီနန်အရပ်မှ အမျိုးသားတဦး တို့သည်လည်း ယမန်နေ့တွင် အသတ်ခံရကြောင်း၊ သို့သော် မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားသည့်နေ့မှ ယနေ့အထိ သေဆုံးသူ ၁၀ ဦး ကျော်ပြီ ဖြစ်ကြောင်း မလေးရှားရောက် မြန်မာများက ပြောသော်လည်း ဧရာဝတီက အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသည့် မြန်မာများ ဆေးရုံများသို့ သီးခြားစီ ရောက်ရှိလာသော်လည်း အရေအတွက် အတိအကျကို မခန့်မှန်းနိုင်ကြောင်း၊ တခါတရံ ဆရာဝန် အကြောင်းကြားသလောက်သာ သိရှိရကြောင်းနှင့် ဒဏ်ရာသူ ၁၀ ဦးထက် မနည်း ရှိနိုင်ကြောင်းလည်း သိရသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများသည် မေလ ၃၀ ရက်နေ့မှ စတင်၍ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံနေရခြင်း၊ မလေးရှား ရဲများ၏ ဖမ်းဆီးမှု ဆက်တိုက် ခံနေရခြင်းတို့ကြောင့် မိမိတို့နိုင်ငံကို ပြန်လိုကြသော်လည်း အခက်အခဲ အမျိုးအမျိုးကြောင်း မပြန်နိုင်ကြသေးကြောင်း မလေးရောက် မြန်မာများက ပြောသည်။

ဖမ်းဆီးခံထားရသူ တရားဝင် အထောက်အထား ရှိသူရော၊ တရားမဝင် မြန်မာ ဦးရေပါ ယနေ့အထိ ၄၀၀၀ နှင့် ၅၀၀၀ အကြား ရှိကြောင်း သိရသည်ဟု ဧရာဝတီက ဆက်သွယ်မေးမြန်းသည့် မျက်မြင် မြန်မာအများစုက ဖြေကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ မတိုင်ခင်တွင်ပင် မလေးရှား ရဲက တရားဝင်၊ မဝင် မြန်မာနိုင်ငံသား ၉၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ယခုကဲ့သို့ မြန်မာများကို တိုက်ခိုက် သတ်ဖြတ်ခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး အဓိကရုဏ်းများ၏ ဂယက်ကြောင့် ဖြစ်သည်ဟု မလေးရှားရဲတပ်ဖွဲ့ တာဝန်ရှိသူများက မီဒီယာများသို့ ပြောဆိုထားသည်။

မေလ ၃၀ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ ကွာလာလမ်ပူနှင့် ဆီလန်ဂေါအရပ်ဒေသ တချို့တွင် မြန်မာနိုင်ငံသားများကို အကြမ်းဖက် တိုက်ခိုက်မှု ၇ ကြိမ်ဖြစ်ခဲ့သည်ဟု မလေးရှား အာဏာပိုင်များကို ကိုးကား၍ The Star သတင်းစာတွင် ရေးသားထားသည်။

မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမ၀င် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူလည်း ရာနှင့်ချီ၍ ရှိကြောင်း သိရသည်။

မလေးရှားရောက် မြန်မာအရေးများနှင့် ပတ်သက်၍ နောက်ဆုံးဖြစ်စဉ်များကို မေးမြန်းရန် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း မရခဲ့ပေ။

ခင်ဦးသာ  ဧရာဝတီ

ဆင်းမ်ကတ် ဈေးနှုန်းထပ်ချ ပေးဦးမည်

Posted by drmyochit Tuesday, June 11, 2013, under | No comments

တယ်လီကွန်း အော်ပရေတာ အဖြစ် စတင်လုပ် ကိုင်ပါက ကျေးလက်နေ ပြည်သူ များပါ ဝယ်ယူ အ သုံးပြု နိုင်ရန် အတွက် ဖုန်း ဆင်းမ်ကတ် များကို လက်ရှိ ဖုန်းဈေးထက် အနိမ့် ဆုံး ဈေးနှုန်းဖြင့် ရောင်းချ မည်ဖြစ် ကြောင်း အများနှင့် သက်ဆိုင် သည့်ကုမ္ပဏီ အဖြစ် ပြင်ဆင်ဖွဲ့ စည်း လိုက်သည့် ရတနာပုံ တယ်လီပို့ကုမ္ပဏီ လီမိတက် မှ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်း က ပြောကြားလိုက်သည်။

တယ်လီကွန်း အော်ပရေတာ အဖြစ် မကြာမီ လုပ်ကိုင်တော့မည့် ရတနာပုံ တယ်လီပို့ အနေဖြင့် မြို့ပြနေ လူတန်းစား သာမက ကျေးလက်နေ ပြည်သူများပါ မိုဘိုင်းဖုန်း ကိုင်ဆောင် နိုင်ရန် ဆက်သွယ်ရေး အတွက် လိုအပ်သည့် အခြေခံ အဆောက် အအုံ များကို တည်ဆောက် သွားမည်ဖြစ်ကြောင်းသိရသည်။

''နိုင်ငံခြား ကုမ္ပဏီ နှစ်ခုကလဲ အော်ပရေတာ အဖြစ်ဝင် လာတော့မယ်။ ကျွန်တော်တို့ ပြည်တွင်း ကုမ္ပဏီ တွေနဲ့ ပြိုင်ရ တော့မှာပါ။ ကျွန်တော်တို့ အနေနဲ့လဲ နောက်ကျ ကျန်ခဲ့လို့ မဖြစ် ပါဘူး။ တယ်လီကွန်း အော်ပရေတာ အဖြစ် စလုပ်ပြီ ဆိုတာနဲ့ မိုဘိုင်းဖုန်း ကဏ္ဍကို အရင် လုပ်မှာပါ။ မြို့ရော၊ ကျေး လက်မှာပါ ဈေးနှုန်း အနိမ့် ဆုံးနဲ့ ဆင်းမ်ကတ် တွေကို ရောင်း မှာပါ။ အချိန် တစ်ခုပဲ ခဏစောင့် ရမှာပါ''ဟု ဦးတင်ဝင်းက ပြောသည်။ ယခု လအတွင်း ပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီ များမှ တယ်လီကွန်း အော်ပရေတာ နှစ်ခု ရွေးချယ်မည် ဖြစ် သည်။


ဖူးပွင့်သော်
From: Yangon Media Group

ရာဇာမင်းကား ဓါးမြ တိုက်ခံရသည့် နောက်ဆက်တွဲသတင်း

Posted by drmyochit Tuesday, June 11, 2013, under | No comments


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့် (၁၅၄/၅) အကြားတွင် ဇွန်လ (၈) ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ကျိုက္ခမီ မှ ရန်ကုန်ဘက်သို့ ခရီးသည် (၃၀)ဦးခန့် လိုက်ပါ စီးနင်း လာသည့် ယာဉ်မောင်း ဦးဇော်လင်းထူး (၃၈)နှစ် မောင်းနှင်လာသော ရာဇာမင်း မှန်လုံ အမြန် ယာဉ်၊ ယာဉ်အမှတ် (၈ဇ/၁၁၁၁)အား ယာဉ်ပေါ်စီးနင်း လိုက်ပါလာသည့် အမည်မသိလူ (၅) ဦး (အဖွဲ့စိစစ်ဆဲ) လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ သထုံမြို့နယ် တောင်စွန်းကျေးရွာ၊ ဘုရား ကုန်းကြီး ကျောင်းကွေ့အနီး၊ အောင်းစိုင်ကျေးရွာရွင်အ၀င်လမ်း (၁) ဖာလုံခန့်အထိ မောင်းဝင်ခိုင်းပြီး ယာဉ်ပေါ်ပါ ခရီးသည် အားလုံး ဆင်းခိုင်းကာ ကားနှင့် ၀ါးတစ်ပြန်အကွာ၌ ခေါင်းပေါ်လက်တင်ခိုင်းပြီး ခရီးသည်များထံမှ ရွှေငွေ ပစ္စည်းများ လုယူသွားခဲ့သည်။

ယင်းနောက် ယာဉ်နောက်လိုက် နိုင်လင်းထွန်း (၂၆) နှစ် အား၊ ကားမီးရှို့ရန် ဓါတ်ဆီတိုင်ကီဖွင့်ခိုင်းရာမှ ပစ္စည်း ထည့်သည့် ဘောက်(စ်)နှင့် မှားယွင်းစွာဖွင့်ပေးခြင်းအတွက် ဦးခေါင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာ တွင် ပွဲချင်းပြီးသေဆုံးပြီး ဆက်လက်၍ ယာဉ်မောင်း ဦးဇော်လင်းထူး အားဆက်လက်ပစ်ခတ်ရာ ပါးစပ် ဒါဏ်ရာ ရရှိပြီး၊ သထုံခရိုင်ပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ အတွင်း လူနာ အဖြစ်ပို့ဆောင်ခဲ့ရာ ဇွန်လ (၉) ရက် နံနက်ပိုင်း တွင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်ရာနေရာသို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ သထုံခရိုင်ရဲတပ်ဖွဲ့မှူး၊ သထုံမြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင် များရောက်ရှိပြီး တရားခံများ အချိန်မီ ဖမ်းဆီးရမိရေးကိုဆောင်ရွက်လျက်ရှီကြောင်းနှင့် နယ်မြေခံ တပ်မတော်ကလည်း နယ်မြေ လိုက်လံရှင်းလင်းလျှက်ရှိကြောင်း သိရှိရပြီး သထုံမြို့နယ် မြို့မရဲစခန်းမှ ပ/၉၀/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၉၆)အရ တရားလိုပြု အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။

Myanmar News Now

Lainnya dari Crime

ဖါးရိုက်ထွက်ရာမှ မောင်တော နတလ ရွာသား တစ်ဦး ဓါးထိုးခံရ
ခရီးသည်တင်မှန်လုံယာဉ်အား ဓါးပြတိုက်
အမျိုးသမီးတဦးကို ဆဲမှုနဲ့ဖမ်းချုပ်ပြီး အာမခံပေးဖို့ ပိုက်ဆံတောင်း
မုဒိန်းမှု၏ ၅၀ ရာခိုင်နှုန်းနီးပါး အရွယ်မရောက်သေးသူများ ဖြစ်နေ
ကံစမ်းမဲပေါက်သည်ဟုဆိုကာ ငွေကျပ်(၁ဝ)သိန်း ဖုန်းဖြင့်လိမ်လည်ရယူ
မီးလောင်မှုကြောင့် လူသေဆုံးမှု နှစ်ဆခန့်မြင့်
ရန်ကုန်တွင် သုံးရက်လျှင် တစ်ကြိမ်ခန့် လူသတ်မှုဖြစ်ပွား
လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ
လူကုန်ကူးခံရသူများအား ကယ်တင်
ရာဇာမင်း ဓါးမြတိုက်ခံရမှု နောက်ဆုံးရ သတင်း

From: ads

၉၆၉ တရားဟောလို့ အမုန်းတရားပွားတယ်ဆိုတာ လက်မခံဘူး

Posted by drmyochit Tuesday, June 11, 2013, under | No comments


၉၆၉ တရားဟောလို့ အမုန်းတရားပွားတယ်ဆိုတာ လက်မခံဘူး။

ရခိုင်နှစ်ကြိမ် ဂျီ်ဟတ်အလုပ်ခံရလို့ တစ်တိုင်းပြည်လုံးနာကျည်းနေတာ ၉၆၉ က အနာကျက်အောင်သာ လုပ်တာဖြစ်ပြီး အကြမ်းမဖက်တဲ့နည်းနဲ့ ကာကွယ်ဖို့သာ ဟောပြော ညွှန်ပြတာပါ။

၇၈၆ ပေါ်တာ (၇၅)နှစ် ပြည့်ခဲ့ပြီ။ ၇၈၆ ကို မနာလို တိုရှည်လည်း မဖြစ်ခဲ့ဘူး။ ကြက်ခြေခတ် ရှုတ်ချတာလည်း မလုပ်ခဲ့ဘူး။ ဖျက်လိုဖျက်ဆီးလည်း မလုပ်ခဲ့ဘူး။

ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ ကာကွယ်ဖို့အတွက် ၉၆၉ ဆိုင်မှာဘဲ ဈေးဝယ်တာ လူ့အခွင့်အရေးကို မထိခိုက်ပါဘူး။

၇၈၆ မှာဘဲဈေးဝယ်ဖို့ ပြဋ္ဌာန်းတာ (၇၅)နှစ် ပြည့်ခဲ့ပြီ။ ၉၆၉ ဆိုင်မှာဘဲ ဈေးဝယ်ဖို့ ပြဋ္ဌာန်းတာ (၁၀)နှစ် လောက်ဘဲ ရှိသေးတယ်။ ခွဲခြားဆက်ဆံတယ်ထင်ရင် အရင်ပြဋ္ဌာန်းသူမှာဘဲ တာဝန်ရှိတယ်ဗျ။

( ဆရာတော် အရှင် ဦးဝီရသူ )

သြစတြေးလျ မှ PHOTOGRAPHER Mr. NICOLAS နှင့် အီတလီမှ PHOTO JOURNALIST, VIDEO GRAPH ER Mr. THOMAS နှင့် အင်တာဗျူး အစီအစဉ် မှ

From: Myanmar Express

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်